ဘားအံမြို့ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ကျောင်းသား၊ ကျောင်းသူ ၂၀၀၀ခန့် ပါဝင်ဆင်နွှဲခဲ့

ဘားအံ ဇူလိုင် ၂၉

ကရင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်နယ်ပညာရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ဇူလိုင် ၂၈ ရက်နေ့ နံနက်ပိုင်းမှစ၍ ဘားအံမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်ကျောင်းတွင် ကျင်းပသော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲကို မွန်းလွဲ ၃ နာရီက အဆိုပါအထက်တန်းကျောင်း မြသံလွင်ခန်းမ၌ ကျင်းပသည်။

အဆိုပါပွဲတော်ကို ဘားအံမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ (၂၀၀၀) ဦးခန့် ပါဝင်ဆင်နွှဲခဲ့ကြပြီး ဆုချီးမြှင့်ပွဲတွင် ဘားအံမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများက အလှဆုံးပန်းများပွင့်ကြပြီသီချင်း၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများက ပညာပန်းများလန်းရာမြေ သီချင်းတို့ဖြင့် ကပြဖျော်ဖြေတင်ဆက်ကြသည်။

ထို့နောက် ဆုချီးမြှင့်ပွဲကိုဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုး ရအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် စာစီစာကုံးပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ (Khoot Quiz Game) ပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိကြသူများအား ဂုဏ်ပြုဆုများကိုလည်းကောင်း၊ သောက်ရေသန့်လှူဒါန်းပေးသော ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့အား ဂုဏ်ပြုမှတ်တမ်းလွှာကိုလည်းကောင်း၊ စာပေဟောပြောပွဲတွင် ဆွေးနွေးဟောပြောပေးကြသော စာရေးဆရာ/ စာရေးဆရာမများကို ဂုဏ်ပြုလက်ဆောင်များကိုလည်းကောင်း၊ အကဲဖြတ်အမှတ်ဒိုင်များအား အမှတ်တရ လက်ဆောင်များကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပုံပြင်ပြော၊ ကဗျာရွတ်ဆို၊ ကျပန်းစကားပြော ပြိုင်ပွဲများတွင် ပထမဆုရရှိကြသူများက ပြန်လည်ဖျော်ဖြေတင်ဆက်ကြသည်။

ယင်းနောက် မဟာမြကျွန်းသာကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများက ထိန်းသိမ်းစို့လေ စာပေအမွေ တေးသီချင်း၊ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက အောင်မြင်ပါစေမြန်မာပြည် သီချင်းတို့ဖြင့် သီဆိုကပြဖျော်ဖြေကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆုရရှိကြသူများနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးကြကာ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများအား ရင်းနှီးနွေးထွေးစွာ တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)