ဆင်ပေါင်ဝဲ ဇူလိုင် ၂၉
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများအတွက် ၂၀၂၅ ခုနှစ်၊ မိုးရာသီ သီးနှံစိုက်ပျိုးထုတ်လုပ်မှုအတွက် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေးခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဆင်ပေါင်ဝဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဦးစန်းသော်ကမိုးရာသီစိုက်ပျိုး စရိတ်ချေးငွေကို ကျေးရွာအုပ်စုအလိုက် စပါး (၁) ဧက ငွေကျပ် တစ်သိန်းငါးသောင်းနှုန်း၊ နှမ်း (၁) ဧက ငွေကျပ် တစ်သိန်းနှုန်းတို့ကို အတိုးနှုန်း ငါးရာခိုင်နှုန်းဖြင့် ထုတ်ချေးမှာဖြစ်ပြီး လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇) ရှိသည့် တောင်သူများကိုသာ ထုတ်ချေးပေးသွားမှာဖြစ်ကြောင်း၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးသော ကျေးရွာတောင်သူများကို သီးနှံအာမခံထားရှိရေး၊ စည်းရုံးရှင်းလင်းခြင်းနှင့် ကျေးရွာတောင်သူများကို ချေးငွေထုတ်ချေးသည့် စာချုပ်ပါစည်းကမ်းချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးရာတွင် ယခင်အုပ်စု စိုက်ပျိုးစရိတ်ချေးငွေများ ပြေကျေစွာပေးဆပ်ပြီးသူများကို ထုတ်ချေးပေးခြင်းဖြစ်ပြီး မကြီးကုန်းကျေးရွာအုပ်စုနှင့် စည်တိုင်းကျေးရွာအုပ်စုမှ တောင်သူ(၆၃)ဦး၏ အခြားသီးနှံဧက (၂၅၀)ဧက၊ စပါး (၄၅) ဧက အတွက် ချေးငွေကျပ် (၃၁၇.၅၀) သိန်းကို ထုတ်ချေးပေးခဲ့ကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာထံမှ သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)