နည်းပညာတက္ကသိုလ် (ဟင်္သာတ) တွင် လူကုန်ကူးမှုတားဆီးရေး၊လူကုန်ကူးခံရသူများ အကာအကွယ် ပေးရေး ဆိုင်ရာနှင့် အွန်လိုင်းလောင်းကစားဂိမ်းများ အန္တရာယ် အသိပညာပေး ဟောပြောပွဲ ကျင်းပ

ဟင်္သာတ ဇူလိုင်လ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်ရှိ၊ နည်းပညာတက္ကသိုလ် (ဟင်္သာတ)ပင်မ သုံးထပ်ဆောင် ဘွဲ့နှင်းသဘင်ခန်း မတွင် ယနေ့နံနက် ၁၀ နာရီက လူကုန်ကူးမှုတားဆီးရေး၊ လူကုန်ကူးခံရသူများ အကာအကွယ်ပေးရေးဆိုင်ရာနှင့် အွန်လိုင်းလောင်းကစားဂိမ်းများ အန္တရာယ်အသိပညာပေးဟောပြောပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲအခမ်းအနားတွင် နည်းပညာတက္ကသိုလ် (ဟင်္သာတ) မှ တာဝန်ခံဒုတိယ ပါမောက္ခချုပ် ဒေါက်တာထွန်းလင်းနိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် လူကုန်ကူးမှုတာဆီးနှိမ်နင်းရေးတပ်ဖွဲ့မှ ရဲအုပ်လွမ်းမိုးထွန်းက လူကုန်ကူးမှုနှင့် ဖြစ်ပွားခဲ့သော မှုခင်းဆိုင်ရာများအား အသိပညာပေးဟောပြောခဲ့သည်။ ဆက်လက်၍ ဟင်္သာတ မြို့မရဲစခန်းမှူး ဒုရဲမှူးမြင့်သိန်းက ဖြစ်ပွားတတ်သောမှုခင်း ဖြစ်ရပ်များ၊အွန်လိုင်းလောင်းကစားနှင့် မှုခင်းမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်နေထိုင်ရမည့်နည်းလမ်းများ၊ ကျောင်းသား/သူများ အနေဖြင့် သွားလာနေထိုင်ရာတွင် ဆောင်ရန်၊ ရှောင်ရန် နည်းလမ်းများအား အသိပညာပေးဟောပြောခဲ့ကြသည်။ ထို့နောက် ဒုတိယပါ မောက္ခချုပ်ဒေါက်တာ ထွန်းလင်းနိုင်မှ လာရောက်ဟောပြောပေးကြသူတို့အား ကျေးဇူးတင်စကား ပြောကြားခြင်းနှင့် အမှတ်တရ ဂုဏ်ပြုလက်ဆောင် ပေးအပ်ခြင်းတို့ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ နည်းပညာတက္ကသိုလ် (ဟင်္သာတ) တာဝန်ခံဒုတိယ ပါမောက္ခချုပ် ဒေါက်တာထွန်းလင်နိုင်၊ ဟင်္သာတမြို့မ ရဲစခန်းမှူး ဒုရဲမှူးမြင့်သိန်း၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးတပ်ဖွဲ့၊ တပ်ဖွဲ့စိတ် (၂) ဟင်္သာတမှ ရဲအုပ် လွမ်းမိုးထွန်း၊ နည်းပညာတက္ကသိုလ် (ဟင်္သာတ) မှ ပါမောက္ခဌာနမှူးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ စုစုပေါင်း (၃ဝဝ) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)