ဘုတ်ပြင်းမြို့၌ အားကစားနှင့်လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

ဘုတ်ပြင်း ဇူလိုင် ၂၉

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင် အခြေခံပညာဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ အားကစားနှင့်လူငယ်ရေးရာအသိပညာ‌ပေးဟောပြောပွဲကို ဇူလိုင်လ ၂၈ ရက်နေ့က အတွင်းဘုတ်ပြင်းကျေးရွာအုပ်စု ကရိုင်တိုင်ကျေးရွာ အမက-၂၂၄ ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် အမက-၂၂၄ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းကြူက အသိပညာပေး ဟောပြောပွဲပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ပြောကြားသည်။ ယင်းနောက် မြို့နယ်အားကစားမှူး ဦးစောကျော်စိုးမိုးက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းပညာရေးအပြင် အားကစားကဏ္ဍ အထူးလေ့လာလိုက်စားစေလိုကြောင်း၊ လမ်းလျှောက်ခြင်းနှင့် အခြားအားကစား တစ်မျိုးမျိုးကို ပြုလုပ်ဆောင်ရွက်ခြင်းဖြင့် ရရှိမည့်ကျန်းမာရေးဆိုင်ရာ အကျိုးပြုမှုများ၊ လာမည့်ရက်များတွင် အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသမီးအေးရိုးဗစ် ပြိုင်ပွဲကျင်းပ ပြုလုပ်မည့်ဖြစ်သည့်အတွက် ပါဝင်ယှဉ်ပြိုင်ကာ မိမိကျောင်းအတွက်သာမက မြို့နယ်အတွက် ထူးချွန်သည့် အားကစားသမားများ ပေါ်ထွက်လာစေရေး စသည့်ရည်ရွယ်ချက်ဖြင့် ဟောပြောပွဲကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေး ဟောပြောခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်ဖြူဖြူသိန်းက လူငယ်များဘက်စုံဖွံ့ဖြိုးပြီး အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ရာ “ကျောင်းသား/ ကျောင်းသူများအနေဖြင့် နောင်တစ်ချိန်တွင်နိုင်ငံနှင့် လူမျိုးအကျိုး အတွက် သယ်ပိုးထမ်းရွက်ကြရမည်ဖြစ်ပြီး ယခုအရွယ်မှစပြီး ဗလငါးတန်နှင့် ပြည့်စုံအောင် နိုင်ငံနှင့်လူမျိုးကိုချစ်မြတ်နိုးတတ်အောင်၊ တန်ဖိုးထားတတ်အောင် အသိပညာ၊ အတတ်ပညာများကို  လေ့လာဆည်းပူးကြစေလိုပါကြောင်း၊ ရည်မှန်းချက်ထားရှိရမှာဖြစ်‌ကြောင်း၊ ပြင်ပဗဟုသုတရရှိစေရန် စာပေများဖတ်ရှုလေ့လာကြစေလိုပါကြောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် အသိပညာဗဟုသုတရရှိစေရန် စာအုပ်စာပေများနှင့် သုတရသစာအုပ်စာစောင်များကို အခမဲ့လာရောက်ဖတ်ရှုပြီး ငှားရမ်းနိုင်ကြောင်း အသီးသီးပြောကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား အားကစားအသိပညာပေး လက်ကမ်းစာစောင်များကို အသိပညာပေး ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ယင်းနောက် လူငယ်ရေးရာများနှင့်ပတ်သက်သည့် အသိပညာပေးနံရံကပ်စာစောင်များကို ပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)