လေးမျက်နှာမြို့နယ် အ.ထ.က ခမောက်စုကျောင်းတွင် လူငယ်ရေးရာဟောပြောပွဲနှင့် လူငယ်စကားဝိုင်းပြုလုပ်

လေးမျက်နှာ ဇူလိုင် ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ အ.ထ.က ခမောက်စုကျောင်းတွင် ကျောင်းသားလူငယ်များ အသိပညာတိုးပွားစေရေး၊ ဗလငါးတန်ပြည့်စုံစေရေး၊ အသိပညာဟုသုတရရှိစေမည့် စာအုပ်စာပေများ ဖတ်ရှုသည့် အလေ့အထကောင်းများ ရရှိစေရန်၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူပေါင်းပြီး လူငယ်ရေးရာဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကို ကျင်းပခဲ့သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ယဉ်မြတ်မွန်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးတင်‌ရွှေက လူငယ်ရေးရာဟောပြောပွဲ ကျင်းပရသည့်ရည်ရွယ်ချက်နှင့် စာဖတ်ခြင်းအကျိုးကျေးဇူး စသည်တို့ကို ရှင်းလင်း‌ပြောကြားခဲ့သည်။ ဆက်လက်၍ လူငယ်စကားဝိုင်းကျင်းပခဲ့ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ဦးစီးအရာရှိ ဦးတင်ရွှေနှင့်အတူ မောင်ဇင်မင်ဖြိုး G-11 က လူငယ်နှင့်ကျန်မာ‌ရေး၊ မအင်ကြင်းမိုး G-11က လူငယ်နှင့်အားကစား၊ မအိခွန်းချို G-11 က လူငယ်နှင့်စာဖတ်ခြင်း၊ မောင်အောင်ခိုင်ထွေး G-11က လူငယ်နှင့်အနုပညာ၊ မမေသူထွန်း G-11 က လူငယ်နှင့်ယဉ်ကျေးမှုစသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးပြောကြားပြီး တက်ရောက်ကြသာ ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကိုမေးမြန်းခဲ့ရာ ဆွေးနွေးကြသော ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားခဲ့သည်။

ထိုနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေးနှင့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အသိပညာပေးနံရံကပ်စာစောင် ခင်းကျင်းပြသပေးခဲ့ရာ  ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)