ဓနုဖြူ ဇူလိုင် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးကုဌာန၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ရွှေသံဖြူဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ ကျောင်းကျန်းမာရေးဟောပြောပွဲနှင့် ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်တိုင်းရင်းဆေးကုဌာန၊ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝင်းဌေးက တစ်ကိုယ်ရေသန့်ရှင်းရေးနှင့်ပတ်သက်၍ အသိပညာပေးပြောကြားပြီး၊ မိခင်နှင့်ကလေးကျန်းမာရေးဌာန၊ အမျိုးသမီးကျန်းမာရေး ဆရာမဒေါ်နှင်းဆီက မိုးတွင်းကာလာလတွင် ဖြစ်ပွားတက်သော သွေးလွန်တုပ်ကွေးရောဂါအကြောင်း အသိပညာပေးပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အဖွဲ့ဝင်ဒေါ်ခင်စုပြည့်က အစာအာဟာရအုပ်စုများအကြောင်း အသိပညာပေးပြောကြားပြီး၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကြီးကြပ်(၂) ဒေါ်ရွှေရည်ဝင်းက ခံတွင်းသန့်ရှင်းရေးအကြောင်းအသိပညာပေးပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်ပေးခဲ့ပြီး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ ကျောင်းသား၊ ကျောင်းသူများအတွက် အာဟာရများ ကျွေးမွေးလှူဒါန်းခဲ့ကြကြောင်း သိရသည်။
အောင်ပြည့်ဖြိုးဇော်