ပုသိမ် ဇူလိုင် ၂၉
၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပုသိမ်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံအမျိုးသား၊ အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်တက္ကသိုလ်၊ အားကစားခန်းမတွင်ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ပုသိမ်တက္ကသိုလ်ပါမောက္ခချုပ်နှင့် ပါမောက္ခဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ပြိုင်ပွဲဝင်အသင်းများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် အမျိုးသမီးဗိုလ်လုပွဲစဉ်အဖြစ် ညွန့်ပေါင်း-၁အသင်းနှင့် ညွန့်ပေါင်း-၂ အသင်း၊ အမျိုးသားဗိုလ်လုပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားသည့် ဥပဒေပညာဘာသာရပ်အသင်းနှင့် ရူပဗေဒဘာသာရပ်အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ အမျိုးသမီးဗိုလ်လုပွဲစဉ်တွင် ညွန့်ပေါင်း-၂ အသင်းက ညွန့်ပေါင်း-၁အသင်းကို နှစ်ဂိုး-ဂိုးမရရှိဖြင့်လည်းကောင်း၊ အမျိုးသားပွဲစဉ် ဗိုလ်လုပွဲတွင် ရူပဗေဒဘာသာရပ်အသင်းက ဥပဒေပညာ ဘာသာရပ်အသင်းကို သုံးဂိုး-ဂိုးမရှိဖြင့်လည်းကောင်း၊ အသီးသီး အနိုင်ရရှိခဲ့သည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ပြုလုပ်ရာ ပုသိမ်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသော ပုသိမ်တက္ကသိုလ်ကြက်ခြေနီအသင်းနှင့် ဒိုင်လူကြီးများအား ဂုဏ်ပြုချီးမြှင့်ငွေများနှင့် အမှတ်တရလက်ဆောင်များကို ပုသိမ်တက္ကသိုလ်ပါမောက္ခချုပ်ကလည်းကောင်း၊ အမျိုးသမီးဂိုးသွင်းအများဆုံး ကစားသမားဆု၊ ဂိုးသမားအကောင်းဆုံးဆု၊ အကောင်းဆုံးကစားသမားဆု ရရှိသူများကို ဆုတံဆိပ်များနှင့် ငွေသားဆုကို ဓာတုဗေဒဌာန၊ ပါမောက္ခဌာနမှူးကလည်းကောင်း၊ အမျိုးသမီး တတိယဆုရရှိသည့် ဥပဒေပညာအသင်းနှင့် ဒုတိယဆုရရှိသည့် ညွန့်ပေါင်း-၁အသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်များနှင့်ငွေသားဆုကို ပုသိမ်တက္ကသိုလ် ဒုတိယပါမောက္ခချုပ်များက လည်းကောင်း၊ အမျိုးသားဂိုးသွင်းအများဆုံးကစားသမားဆု၊ ဂိုးသမားအကောင်းဆုံးဆု၊ အကောင်းဆုံးကစားသမားဆု ရရှိသူများကို ဆုတံဆိပ်များနှင့်ငွေသားဆုကို ပုသိမ်တက္ကသိုလ် ဘောလုံးဆပ်ကော်မတီဥက္ကဋ္ဌကလည်းကောင်း၊ အမျိုးသားတတိယဆုရရှိသည့် သင်္ချာဘာသာရပ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်များနှင့်ငွေသားဆုကို ပုသိမ်တက္ကသိုလ်အားကစားဗဟိုကော်မတီ ဥက္ကဋ္ဌကလည်းကောင်း၊ ဒုတိယဆုရရှိသည့် ဥပဒေပညာဘာသာရပ်အသင်းအား တစ်ဦးချင်း ဆုတံဆိပ်များနှင့်ငွေသားဆုကို ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ်ကလည်းကောင်း၊ အမျိုးသမီး အသင်းလိုက် ပထမဆုရရှိသော ညွန့်ပေါင်း-၂အသင်းအား တစ်ဦးချင်းဆုတံဆိပ်များ၊ ငွေသားဆုနှင့် ဆုဖလားကို တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးကလည်းကောင်း၊ အမျိုးသားအသင်းလိုက် ပထမဆုရရှိသော ရူပဗေဒဘာသာရပ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်များ၊ ငွေသားဆုနှင့် ဆုဖလားကို တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့သည် ဆုရရှိသည့် အသင်းများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး ခဲ့ကြသည်။
ဆက်လက်၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ဧရာဝတီတိုင်းဒေသကြီး အခြေခံပညာကျောင်းပေါင်းစုံ ကာယအတွဲ(၃)(၄)၊ ကဗျာလွတ်အကနှင့် PE(22) Fitness Exercises သရုပ်ပြအခမ်းအနားကို မွန်းလွဲပိုင်းတွင် ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်းတွင် ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့ဇနီးများ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများ၊ သရုပ်ပြအဖွဲ့များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကာယပညာအတွဲ(၃)(၄) ကို ကျောင်းသား၊ ကျောင်းသူဦးရေ (၄၀၀)ဦးဖြင့်လည်းကောင်း၊ အခြေခံကဗျာလွတ်အကကို ကျောင်းသား၊ကျောင်းသူဦးရေ (၄၀၀)ဦးဖြင့်လည်းကောင်း၊ PE(22) Fitness Exercisesကို ကျောင်းသား၊ ကျောင်းသူဦးရေ (၃၈၀)ဦးဖြင့်လည်းကောင်း သရုပ်ပြသမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)