သံတောင်ကြီးမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုကြောင့် နေအိမ်ငါးလုံးထိခိုက်ပျက်စီး

သံတောင်ကြီး  ဇူလိုင် ၂၉

ကရင်ပြည်နယ် သံတောင်ကြီးမြို့သည် တောင်ပေါ်ဒေသမြို့ဖြစ်သည့်အားလျော်စွာ ဇူလိုင် ၂၆ရက်မှစတင်ကာ မိုးအဆက်မပြတ်ရွာသွန်းခြင်းကြောင့်  ဇူလိုင် ၂၈ ရက် ညပိုင်းတွင် မြေပြိုမှုများ ဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။

မြေပြိုမှုကြောင့်  အမှတ်(၁)ရပ်ကွက်ရှိ  အလျား ပေ ၂၀၊ အနံ ၁၃ ပေ အုတ်ညှပ်ပျဉ်ထောင်  နှစ်ထပ် နေအိမ်တစ်လုံး၊  ဦးစောဟဲမြ၏ အလျား၂၈ပေ၊ အနံ၁၅ပေအုတ်ညှပ်တစ်ထပ် နေအိမ်တစ်လုံး၊  အမှတ်(၂)ရပ်ကွက်ရှိ ဦးစောဂျော်နီ၏ အလျားပေ၂၀၊ အနံ၁၈ပေ  သွပ်မိုး၊ အုတ်ညှပ်တစ်ထပ် နေအိမ်တစ်လုံး၊ အမှတ်(၃)ရပ်ကွက်ရှိ နော်ယွာအယ်၏ အလျား ပေ ၃၀၊ အနံ(၁၅)ပေ သွပ်မိုး၊ အုတ်ညှပ် နေအိမ်တစ်လုံးတို့ မြေပြိုကျမှုကြောင့် ပျက်စီးမှုနှင့်အတူ ဦးစောကလူတော၏ နေအိမ်နံရံ အလျားပေ ၃၀ ခန့်  ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။ 

ထို့ပြင် မိုးသည်းထန်စွာဆက်လက်ရွာသွန်းမှုကြောင့် သံတောင်ကြီးမြို့၊ ရပ်ကွက်()ကားလမ်းဘေးနှင့် သံတောင်ကြီး - တောင်ငူကားလမ်းတစ်ချို့နေရာများတွင် မြေပြိုမှုများဖြစ်ပေါ်ခဲ့သည်။ အဆိုပါမြေပြိုမှုများကြောင့် ပျက်စီး ဆုံးရှုံးခဲ့သောနေအိမ်များမှ မိသားစုဝင်များသည် ဆွေမျိုးများနေအိမ်သို့ ပြောင်းရွှေ့နေထိုင်လျက်ရှိပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများက အပျက်အစီးများရှင်းလင်းရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နော်နော်မူ