စစ်ကိုင်းတိုင်းဒေသကြီး ဦးမြတ်ကျော် ဟုမ္မလင်းမြို့၊ ချင်းတွင်းမြစ်အတွင်း ငါးမျိူးစိုက်ထည့်ခြင်း အခမ်းအနား တက်ရောက်ခြင်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေ မှုလိုက်လံကြည့်ရှု

မုံရွာ ဇူလိုင် ၂၉

ချင်းတွင်းမြစ်အတွင်း ငါးသယံဇာတပေါများစေရေးနှင့် ပြည်သူများငါးစားသုံးမှုဖူလုံစေရန်အတွက် ဇူလိုင်လ ၂၈ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့ ၌ကျင်းပပြုလုပ်ရာ အခမ်အးနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများက ချင်းတွင်းမြစ်အတွင်း ငါးမြစ်ချင်း၊ ထိုင်းငါးခုံးမကြီး ၂ လက်မအရွယ်ရှိ ငါးသား ပေါက်ကောင်ရေ ၅၀၀၀၀ အား ငါးမျိုးစိုက်ထည့်ပေးခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့နယ်၊ နားနုန်းကျေးရွာ၊ တောင်သူဦးအောင်စိုးလွင်၏ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး အောင်နိုင်တိုး အထွက်ကောင်းစပါးမျိုး သိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ် ကွင်းသရုပ်ပြနေမှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး တစ်ဧကပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန်နှင့် မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့မှလည်း လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း မှာကြားခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဟုမ္မလင်းမြို့၊ “စာရာမေရိ”မွေးမြးရေးနှင့်အထွေထွေလုပ်ငန်း သမဝါယမအသင်းလီမိတက် ဦးချိန်းပေါ့ အသားတိုးကြက်ကောင်ရေ ၅၀၀ မွေးမြူထားရှိမှုနှင့် “နောင်ဖွတ်မာ်” မွေးမြးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းလီမိတက် ဦးဆားနွမ်း အသားတိုးကြက်ကောင်ရေ ၃၅၀ မွေးမြူထားရှိမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့နယ်၊ နားနုန်းကျေးရွာ ချင်းတွင်းမြစ်ရေတိုက်စားမှုမှ ကာကွယ်နိုင်ရန်အတွက်ကမ်းပြိုကာကွယ်ရေး သံခြင်းအခြေပြုကျောက်စီ မြေထိန်းတမံ တည်ဆောက်မည့်နေရာသို့သွား ရောက်ကြည့်ရှုခဲ့ကြပြီး မြစ်ကမ်းဘေးနေပြည်သူများအနေဖြင့် သဘာဝဘေးအားကြိုတင် မျှော်တွေးကာ လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ထားရေးနှင့် မြစ်ချောင်းများအတွင်း ပလပ်စတစ်အမှိုက်များ စည်းကမ်းမဲ့မစွန့်ပစ်ကြရန် တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများအား မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသညိ ဟုမ္မလင်းမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်းရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် အလျား - ၁၅၀ ပေ၊ အကျယ် - ၂၀ ပေ၊ ၆ လက်မထု နှင့် အကျယ်- ၈၀ ပေ၊ အကျယ် - ၆ ပေ၊ ၄ လက်မထု ကွန်ကရစ်လမ်း ခင်းကျင်းပြီးစီးမှုများအားလိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။ 

တိုင်းဒေသကြီး (ပြန်/ဆက်)