ပွင့်ဖြူ ဇူလိုင် ၂၉
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစား မိဘပြည်သူများ ပင်စင်ထုတ်ယူရာတွင် ပိုမိုလျင်မြန်လွယ်ကူစွာ ထုတ်ယူနိုင်စေရေး၊ လစာ လိမ်လည်ထုတ်ယူခြင်းများမှ ကင်းဝေးစေရေး၊ လူပုဂ္ဂိုလ်မှန်ကန်မှု ရှိ/မရှိ စိစစ်နိုင်ရေးတို့အတွက် UID Smart Card များ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်ပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပွင့်ဖြူမြို့နယ် ဦးစီးမှူး ဦးကျော်သူရနှင့် ဝန်ထမ်းများက မြန်မာ့စီးပွားရေးဘဏ်ခွဲမှ ဝန်ထမ်းများနှင့် ပူးပေါင်းပြီး Biometric (UID) စနစ်ဖြင့် Smart Card မပြုလုပ်ရသေးသော နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများကို နေ့ချင်းပြီး အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ နိုင်ငံ့ဝန်ထမ်းအငြိမ်းစား မိဘပြည်သူများကို UID Smart Card ပြုလုပ်ဆောင်ရွက်ပေးမှု အခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလင်းလင်းအောင်နှင့် စီမံအဖွဲ့ဝင်များက လာရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား မိဘပြည်သူများကို UID Smart Card ပြုလုပ်ဆောင်ရွက်ပေးခြင်းကို မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ ဇူလိုင်လ ၂၂ ရက်နေ့မှ စတင်ကာ တစ်ရက်လျှင် ပျမ်းမျှလူဦးရေ ၈၀ ဦးနှုန်းအား နေ့ချင်းပြီး ဆောင်ရွက်ပေးလျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပွင့်ဖြူမြို့နယ် ဦးစီးမှူး ဦးကျော်သူရက ပြောပြ၍ သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )