ကန်ကြီးထောင့် ဒီဇင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် အသက်ရှုလမ်းကြောင်းဆိုင်ရာ Coronavirus Disease 2019 (COVID-19) ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အမိန့်အမှတ် (၇/၂၀၂၀)၊ ဒီဇင်ဘာ ၁၇ ရက်နေ့ ရက်စွဲဖြင့် ညမထွက်ရ အမိန့်ထုတ်ပြန်ကြေညာလိုက်ကြောင်း သိရသည်။
ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုမရှိစေရေးနှင့် အချိန်မီထိန်းသိမ်းနိုင်ရေးတို့အတွက် အရေးပေါ်ကိစ္စပေါ်ပေါက်လာပါက သက်ဆိုင်ရာ၏ ခွင့်ပြုချက်မှအပ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့မှစ၍ "ည ၁၂ နာရီမှ နံနက် ၄ နာရီအတွင်း ညမထွက်ရ" အမိန့်ထုတ်ပြန်လိုက်ခြင်း ဖြစ်ပြီး အမိန့်ထုတ်ပြန်ပြီးနေ့မှစ၍ (၂)လ အတည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
အများပြည်သူအကျိုးငှာ ရည်ရွယ် ထုတ်ပြန်လိုက်သည့် ညမထွက်ရ အမိန့်ကို လိုက်နာရန် ပျက်ကွက်ပါက တည်ဆဲဥပဒေအရ အရေးယူသွားမည်ဖြစ်ပြီး အဆိုပါအမိန့် ထုတ်ပြန်ချက်ကို မြို့နယ်အတွင်းရှိ ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် အသံချဲ့စက်ဖြင့် အသိပေး ကြေညာခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
နန်းထိုက် (ပြန်/ဆက်)