တောင်ငူ ဇူလိုင် ၂၉
မန္တလေးမြေငလျင်ကြီးဒဏ်ကြောင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၏ ရှေးဟောင်းသမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီးအား ဘက်စုံပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ဇူလိုင် ၂၀ ရက်နေ့မှ စတင်၍ ရွှေဆံတော်စေတီတော်မြတ်ကြီး၏ အထွဋ်မှ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့အား ဂန္တဝင်ကိုးခန်းသိမ်တော်ယာယီစံကျောင်းတော်သို့ ပင့်ဆောင်၍ အပူဇော်ခံကြည်ညိုလျက်ရှိသည်။
ထိုသို့ ရွှေဆံတော်စေတီတော်မြတ်ကြီး၏ အထွဋ်မှ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့အား ဂန္တဝင်ကိုးခန်းသိမ်တော် ယာယီစံကျောင်းတော်သို့ ပင့်ဆောင်၍ အပူဇော်ခံကြည်ညိုလျက်ရှိရာ ယနေ့တွင် ဒေသခံပြည်သူများမှ လာရောက်ဖူးမြော်ကြည်ညိုကြပြီး ပြည်သူများမှ လက်ဝတ်ရတနာများနှင့် အလှူငွေများ လာရောက်လှူဒါန်းလျက်ရှိသည်။ ထိုသို့လက်ဝတ်ရတနာများ လှူဒါန်းရာတွင် တောင်ငူမြို့ သူမြို့သားများနှင့် ဒေသခံပြည်သူအလှူရှင်များဖြစ်ကြသည့် ဦးခင်မောင်လွင်+ဒေါ်မိမိခိုင်မိသားစုက ပတ္တမြား (၆) လုံးပါ တန်းကွင်းလက်စွပ်တစ်ကွင်း၊ ကိုအောင်အောင်+ဒေါ်ယဥ်သန်း၊ သမီးဖူးပြည့်လျှံ၊ သားမောင်ဘုန်းခန့်သွင် မိသားစုက စိန်နားကပ်နှင့် စိန်ဆွဲသီးတစ်ရံစီ၊ ကွယ်လွန်သူမိဘများအား ရည်စူး၍ ဒေါ်စန္ဒာလင်းမိသားစုက ရွှေလက်စွပ်မောင်းကွင်းတစ်ကွင်း၊ ကွယ်လွန်သူ ဒေါ်ဖြူဖြူကြိုင်အား ရည်စူး၍ ဒေါ်ငယ်ငယ်ကြိုင်မိသားစုက နီလာ(၁၀)လုံးပါ တန်းလက်စွပ်တစ်ကွင်း၊ တောင်ငူခရိုင်တရားသူကြီး ဦးမိုးကြည်မောင်က ပုလဲရွှေလက်စွပ်တစ်ကွင်း၊ ကိုမျိုး+ မနွယ်နွယ်မိုးမိသားစုက ရွှေလက်စွပ်တစ်ကွင်း၊ ဦးဌေးလှိုင်+ဒေါ်သက်သက်ခိုင်မိသားစုက ရွှေနားကပ်တစ်ရံ၊ ဦးကျော်ဇေဖြိုး+ ဒေါ်သင်းချိုချိုအေး မိသားစုက ရွှေကလစ်တစ်ခု၊ ရွှေလက်စွပ်တစ်ကွင်း၊ ပတ္တမြားလေးလုံးပါတစ်ထုပ်နှင့် ကျောက်ရှစ်လုံးပါတစ်ထုပ်၊ ကွယ်လွန်သူမိခင်ကြီး ဒေါ်ခင်ရီအား ရည်စူး၍ ကျန်ရစ်သူမိသားစုက စိန်ခြယ်နားကပ်တစ်ရံစီ၊ ဦးတင်လှ+ ဒေါ်ခင်ငြိမ်းမိသားစုက ကျောက်(၁၂)ပွင့်ပါ ရွှေလက်စွပ်တစ်ကွင်း၊ ဒေါ်တုတ်တုတ်မိသားစုက ကျောက်တစ်ပွင့်ပါ ရွှေလက်စွပ်တစ်ကွင်းနှင့် အလှူရှင်များမှ အလှူငွေများ လာရောက်လှူဒါန်းလျက်ရှိကြောင်း ရွှေဆံတော်စေတီတော်မြတ်ကြီး ဂေါပကအဖွဲ့ဝင် ဦးယဥ်ဌေးထံမှ သိရသည်။ ရွှေဆံတော်စေတီတော်မြတ်ကြီး၏ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့အား မြန်မာပြည်အနှံ့အပြားမှ ပြည်သူများ၊ ဒေသခံပြည်သူများ လာရောက်ဖူးမြော်ကြည်ညိုနိုင်ပြီး ဂေါပကအဖွဲ့ရုံး ဖုန်း. ၀၉. ၄၅၄၃၆၆၄၈၅ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
ဇော်ကိုကို (ပြန်/ဆက်)