ဒေးဒရဲ ဇူလိုင် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ အမျိုးသမီးများ ဘဝဖွံ့ဖြိုးတိုးတက်စေရေး၊ အိမ်တွင်းမှုလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် မိသားစုအပိုဝင်ငွေတိုးပွားစေရေးရည်ရွယ်၍ အခြေခံမုန့်လုပ်နည်းသင်တန်းကို ယမန်နေ့နံနက်(၁၁)နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ အခမဲ့ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က အမျိုးသမီးများ အိမ်တွင်းမှုလုပ်ငန်းများ တစ်ပိုင်တစ်နိုင် ဆောင်ရွက်ခြင်းဖြင့် မိသားစုဝင်ငွေတိုးပွားစေရေး အခမဲ့သင်တန်းများ ဖွင့်လှစ်ပေးနေမှုအား ဆွေးနွေးဟောပြောခဲ့ပြီး မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင် ဒေါ်မိုးသီတာအောင်က အုန်းနို့ကျောက်ကျော၊ နဂါးမောက်သီးကျောက်ကျောနှင့် သရက်သီးကျောက်ကျော ပြုလုပ်နည်း အဆင့်ဆင့်ကို သင်ကြားပြသပေးခဲ့ရာ မြို့နယ်အတွင်းရှိ မုန့်လုပ်ငန်းစိတ်ပါဝင်စားသူ သင်တန်းသား၊ သင်တန်းသူ(၁၈) ဦး တက်ရောက်လေ့လာခဲ့ကြောင်း သိရသည်။
သင်တန်းအပြီးတွင် တက်ရောက်လာသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရုံးက ခင်းကျင်းပြသထားသော သတရသစာအုပ်စာစောင်များနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး နံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
အေဇာလင်း(ပြန်/ဆက်)