မင်းဘူး(စကု)မြို့နယ်၌ မြန်မာအီလက်ထရွန်နစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်း ဖွင့်လှစ်

မင်းဘူး ဇူလိုင် ၂၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ များမကြာမီအချိန်ကာလအတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အဓိကရည်မှန်းချက်ဖြစ်သော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပရာတွင် ခေတ်စနစ်နှင့်အညီ အသုံးပြုဆောင်ရွက်မည့် မြန်မာအီလက်ထရွန်နစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မင်းဘူးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

ဦးစွာ အခမ်းအနားတွင် မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်က သင်တန်းဖွင့်အမှာစကားပြောကြားပြီး မင်းဘူးခရိုင်ရွေးကောက်ပွဲကော်မရှင်အရာရှိ ဒေါ်ချောစုရည်က မြန်မာအီလက်ထရွန်နစ်မဲပေးစက်(MEVM)နှင့်ပတ်သက်၍ လုပ်ငန်းလုပ်ဆောင်ချက်များနှင့် ကိုင်တွယ်အသုံးပြုနည်းအဆင့်ဆင့်ကို Power Point ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်ပြီး အခမ်းအနားသို့ တက်ရောက်လာသော ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက မြန်မာအီလက်ထရွန်နစ်မဲပေးစက် (MEVM)အား လက်တွေ့စမ်းသပ်သရုပ်ပြခြင်းများဆောင်ရွက်၍ အဆိုပါစက်၏ လုပ်ဆောင်ချက်များနှင့် သိရှိလိုသောမေးမြန်းချက်များအပေါ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ တာဝန်ရှိသူများက ထပ်ဆင့်ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။

မင်းဘူး(စကု)မြို့နယ်၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ကြီးမှူးဖွင့်လှစ်သည့် မြန်မာအီလက်ထရွန်နစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်းတွင် သင်တန်းသား ဆရာ၊ ဆရာမ (၁၀၀)ဦး တက်ရောက်ခဲ့ပြီး ယင်းသင်တန်းကို ဇူလိုင်လ ၂၈ ရက်မှ ဩဂုတ်လ ၁ ရက်နေ့အထိ (၅)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ အဆိုပါသင်တန်းတွင် မဲပေးစက်အဖြုတ်အတပ်ပြုလုပ်နည်း၊ မဲရလဒ်ဖောင်ဖြည့်သွင်းနည်း၊ မဲရုံများ၌ မဲပေးစက်အသုံးပြုနေစဉ် Error ဖြစ်ပေါ်ခဲ့ပါက အရန်မဲပေးစက် လဲလှယ်တပ်ဆင်အသုံးနည်းနှင့် ဖောင်ဖြည့်သွင်းနည်း စသည့် ဘာသာရပ်များကို စာတွေ့၊ လက်တွေ့ဖြင့် စနစ်တကျ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)