မကွေး ဇူလိုင် ၂၉
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ် အစိုးရစက်မှုလက်မှုသိပ္ပံ(မကွေး)သင်တန်းကျောင်းတွင် ငလျင်ဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက အဆိုပါ သင်တန်းကျောင်းဝန်းအတွင်း၌ကျင်းပရာ မကွေးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အစိုးရစက်မှုလက်မှုသိပ္ပံ(မကွေး)မှ ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပရဟိတအဖွဲ့များမှတာဝန်ရှိသူများ၊ ပူးပေါင်းပါဝင်လေ့ကျင့်သည့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် သဘာဝဘေးအန္တရာယ်လျော့ပါးရေးအတွက် ကြိုတင်ကာကွယ်မှုများဆောင်ရွက်ရာမှာ ပြည်သူလူထုထံသို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာများဖြန့်ဝေပေးခြင်းမှာ အလွန်အရေးကြီးသည့်အချက်ဖြစ်ပါကြောင်း၊ သို့မှသာ ပြည်သူလူထုအနေဖြင့်ဆောင်ရန်၊ ရှောင်ရန်အချက်များကိုသိရှိပြီး လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ခြင်းဖြင့် ဆုံးရှုံးမှုများကိုလည်း လျော့နည်းစေမှာဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်လာမည့် ဆိုးကျိုးတွေကို မျှော်တွေးပြီး မိမိတို့သက်ဆိုင်ရာကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ပြီး သဘာဝဘေးဒဏ်ကို ကြံ့ကြံ့ခံနိုင်သည့် လူ့အသိုက်အဝန်းတစ်ရပ်ဖြစ်စေရေးကိုလည်း ဝိုင်းဝန်းကြိုးပမ်းကြရန်လိုအပ်ကြောင်း၊ ယခုလို လက်တွေ့ပူးပေါင်းလေ့ကျင့်ခြင်းအားဖြင့် အမှန်တကယ်ဘေးအန္တရာယ်ကိုရင်ဆိုင်တွေ့ကြုံရသည့်အခါ မိမိတို့ကဏ္ဍအလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို သိရှိနားလည်ပြီး အခက်အခဲမရှိပိုမိုထိရောက်အောင် ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း၊ ယခုဇာတ်တိုက်လေ့ကျင့်ခြင်းမှာ ပါဝင်လေ့ကျင့်ကြမည့် ကျောင်းသား/သူများအနေ့ဖြင့်လည်း နောင်တစ်ချိန်မှာ ဝန်ထမ်းများအဖြစ် နေရာဒေသအသီးသီးမှာ တာဝန်ထမ်းဆောင်ကြမည့်သူများ ဖြစ်သည့်အတွက် မိမိတို့တာဝန်ကျရာဒေသများမှာရှိသည့်ပြည်သူလူထုကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာများကို ဆက်လက်ဖြန့်ဝေပေးကြရန်လည်း တိုက်တွန်းလိုကြောင်းပြောကြားသည်။
ထို့နောက် ငလျင်ဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်မှုအဖြစ် ငလျင်လှုပ်ခတ်ခြင်းအကြောင်းအချက်ပေးခြင်းနှင့်အတူ ကျောင်းသားကျောင်းသူများက ဝပ်၊ ကာ၊ ကိုင်ပုံစံဖြင့် နေရာယူခြင်း၊ ငလျင်လှုပ်ခတ်မှု ငြိမ်သက်ပါက အဆောက်အအုံနှင့် လွတ်ကင်းရာကွင်းပြင်နေရာများတွင် နေရာယူခြင်းတို့ကို သရုပ်ပြသကြသည်။
ဆက်လက်၍ ကယ်ဆယ်ရေးအဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများသရုပ်ပြခြင်း၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ရှေးဦးသူနာပြုစုခြင်း၊ သရုပ်ပြသခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့များက ဆေးဝါးကုသမှုသရုပ်ပြသခြင်းနှင့် ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းအဖွဲ့က ယာဉ်၊ ယန္တရားများဖြင့် ဘေးကင်းလုံခြုံသည့် နေရာများသို့ ပို့ဆောင်ပေးခြင်း စသည့် သရုပ်ပြသမှုများကို သရုပ်ပြဆောင်ရွက်ခဲ့ကြသည်။
မောင်ခိုင်မင်း(ပြန်/ဆက်)