ကျိုက်လတ်မြို့နယ်၌ စက်ရုံ၊ အလုပ်ရုံ၊ သိုလှောင်ရုံများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ကျိုက်လတ် ဇူလိုင် ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် စက်ရုံ၊ အလုပ်ရုံ၊ သိုလှောင်ရုံများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးနိုင်လင်းနှင့် ဝန်ထမ်းများက စက်ရုံ၊အလုပ်ရုံ၊ သိုလှောင်ရုံအဆောက်အဦများ၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးသတ်ဆေးဘူးများ ကြိုတင်ပြင်ဆင်ထားမှု ရှိ၊ မရှိနှင့် မီးသတ်ဆေးဘူး သုံးစွဲပုံနည်းလမ်းများ၊ လျှပ်စစ်ဝိုင်ယာရှော့ဖြစ်ပေါ်စေနိုင်သော မီးပလပ်ခုံများ၊ မီးခုံများအား ခံနိုင်ဝန်ထက်ပိုမိုသုံးစွဲခြင်းမပြုရန်နှင့် ဆွေးမြေ့ပေါက်ပြဲနေသော ဝိုင်ယာကြိုးများအား အသုံးမပြုရန်၊ မီးသတ်ရေလှောင်ကန်များထားရှိရန်၊ မီးလောင်မှု/ မီးလန့်မှုများ ဖြစ်ပေါ်ပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ အကူအညီတောင်းခံကြရန်နှင့် မီးဘေးလုံခြုံရေးဆိုင်ရာ စစ်ဆေးထောက်ခံချက်များ လျှောက်ထားရယူသွားရန်စသည့် မီးဘေးလုံခြုံရေးဆိုင်ရာ သတိပြုလိုက်နာရမည့်အချက်များအား အကြံပြုညွှန်ကြားခဲ့ကြကြောင်း သိရသည်။

လှိုင်မင်းအောင်(ပြန်/ဆက်)