ချောက် ဇူလိုင် ၂၉
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ပြည်သူများလျှပ်စစ်အန္တရာယ်ကင်းရှင်းစေရန်ရည်ရွယ်၍ ချောက်မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ လျှပ်စစ်အင်ဂျင်နီယာဦးဆောင်သောဝန်ထမ်းများက ပြည်သူများလျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ အသိပညာပေးခြင်းများကို ယမန်နေ့နံနက် ၉ နာရီတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအသိပညာပေး လက်ကမ်းစာစောင်တွင် လျှပ်စစ်အန္တရာယ်အစဉ်သတိပြုဖွယ်၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းရန်သတိထားဆောင်ရွက်ရမည့် အချက်များနှင့် လိုက်နာဆောင်ရွက်ရမည့်အချက်များပါဝင်ပြီး မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးထက်အောင်နိုင် ဦးဆောင်သော လျှပ်စစ်ဝန်ထမ်းများက ပြည်သူများလျှပ်စစ်မီးကိုင်တွယ်သုံးစွဲရာ၌ သတိပြုရမည့်ဆောင်ရန်၊ ရှောင်ရန်အချက်များနှင့် နေအိမ်များတွင် သွယ်တန်းထားသောလျှပ်စစ်ဝါယာကြိုးများ ဟောင်းနွမ်းဆွေးမြည့်ပါက အသစ်လဲလှယ်အသုံးပြုရန်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး မြို့ပေါ်ရပ်ကွက် လူစည်ကားသောနေရာများ၊ မြစ်ရေဝင်ရောက်သည့် အနိမ့်ပိုင်းရပ်ကွက်များနှင့် ဈေးများမှ ဈေးရောင်းဈေးဝယ်ပြည်သူများ၊ လမ်းသွားလမ်းလာပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)