မြို့သစ် ဇူလိုင် ၂၉
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် စည်ပင်သာယာရေးကော်မတီအဖွဲ့မှ ပြည်သူများ ကြွပ်ကြွပ်အိတ်၊ တစ်ခါသုံး ပလတ်စတစ်အိတ်များ လျော့နည်းသုံးစွဲစေရေးအတွက် ပလတ်စတစ်အိတ် သုံးစွဲမှုမရှိစေရေးနှင့် အစားထိုးသုံးစွဲလိုက်နာ ဆောင်ရွက်မှုရှိစေရေး အသိပညာပေး ကြပ်မတ်စစ်ဆေးခြင်းတို့ကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင်" မြို့မဈေးအတွင်း ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကြွပ်ကြွပ်အိတ်၊ ပလတ်စတစ်အိတ်များ မသုံးစွဲရေး အသိပေးလုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးရှိ စျေးရောင်းချသူများအနေဖြင့် အပတ်စဉ် တနင်္လာနေ့တိုင်း ကြွပ်ကြွပ်အိတ်၊ ပလတ်စတစ်အိတ် အစားအင်ဖက်၊ ငှက်ပျောဖက်၊ သတင်းစာစက္ကူစသည့် သင့်တော်ရာအစားထိုး ထုတ်ပိုးသုံးစွဲစေရေးအတွက် ပြည်သူများအား ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေးအတွက် လက်ကိုင်စပီကာများနှင့် ပြည်သူများ ပါဝင်ဆောင်ရွက်ပေးနိုင်ရေး အသိပညာပေးနှိုးဆော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ပလတ်စတစ်အိတ် သုံးစွဲမှုမရှိစေရေးနှင့် အစားထိုးသုံးစွဲ လိုက်နာဆောင်ရွက်ခြင်းနှင့် အတူဒေသခံပြည်သူတို့၏ ကျန်းမာရေးနှင့် ညီညွတ်စေရန် မြို့ပေါ်ရှိဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်နေပြည်သူများ၏ စွန့်ပစ်ပစ္စည်းများအား အမှိုက်သိမ်း မော်တော်ယာဥ်ဖြင့် နေ့စဉ်သိမ်းဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးထံက သိရသည်။
သန်းဝင်းထွန်း (ပြန်ဆက်)