ကျွန်းလှ ဇူလိုင် ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင်း စပါးအပြင် သီးနှံမျိုးစုံ စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယခုနှစ်မိုးသီးနီစိုက်ပျိုးရာသီ၌ မိုးစပါး ဧက ၂၃၀၀၀ ကျော်စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
“ ဒီနှစ် မိုးသီးနှံစိုက်ပျိုးရာသီမှာ မိုးစပါးစိုက်ပျိုးဖို့ ၃၄၀၉၇ ဧက လျာထားပြီး ယနေ့ထိ ၂၃၁၁၃ ဧကစိုက်ပျိုးပြီးဖြစ်ပါတယ်။ စိုက်ပျိုးရာမှာ ဇွန်လဆန်းကစတင်ပြီး မိုးစပါးစိုက်ပျိုးရန်အတွက် ချောင်းပိတ်၊ မြောင်းပိတ်နဲ့ မြေအောက်ရေတင်ပြီး ပျိုးထောင်စိုက်ပျိုးကြပါတယ်။ လျာထားဧက ပြည့်မီရေးအတွက် တောင်သူတွေ ဆက်လက်စိုက်ပျိုးနေကြပါတယ်” ဟု ကျွန်းလှမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။
မိုးစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ပန်းတိုင်အထွက်နှုန်းရရှိစေရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးကောင်း၊ မျိုးသန့်များ ရွေးချယ်စိုက်ပျိုးရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး၊ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာ အချိုးကျရောစပ်ပြီး အချိန်ကိုက်သုံးစွဲရေး၊ ပိုးမွှားကျရာက်မှု ကင်းစင်ရေး စသည့်စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများ အသိပညာပေးလျက်ရှိကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တွင် ဒေသရာသီဥတုနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်း၊ ဈေးကောင်ရရှိသည့် ဧရာမင်း၊ မနောသုခ၊ ဆင်းသုခ၊ ရွှေသွယ်ရင်၊ ချမ်းမြေ့မေနှင့် အောင်နိုင်တိုး စပါးမျိုးများစိုက်ပျိုးကြကြောင်း သိရသည်။
မျိုးဝင်းညို(ပြန်/ဆက်)