ဝါးခယ်မ ဇူလိုင် ၂၉
၂၀၂၄-၂၀၂၅ ပညာသင်နှစ်၏ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်သူများစာရင်းကို မြန်မာနိုင်ငံတစ်ဝှမ်းရှိ မြို့နယ်ပညာရေးမှူးရုံးများနှင့် စာစစ်ဌာနများတွင် ဇူလိုင်လ(၂၇)ရက်နေ့ နံနက်ပိုင်းမှစတင်၍ ထုတ်ပြန်ခဲ့ရာ ဝါးခယ်မမြို့တွင် ဂုဏ်ထူးရကျောင်းသား/ ကျောင်းသူ စုစုပေါင်း ၇၅ ဦး၊ အောင်ချက် ၄၇ ဒသမ ၅၆ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အဆိုပါ တက္ကသိုလ်ဝင်တန်းစာမေးပွဲအား ဝါးခယ်မမြို့နယ်အနေဖြင့် စာစစ်ဌာန ၁၅ ခုတွင် ကျောင်းတွင်းနှင့် ပြင်ပဖြေဆိုသူစုစုပေါင်း ၁၉၀၅ ဦးရှိခဲ့ပြီး အောင်မြင်သူဦးရေ စုစုပေါင်း ၉၀၆ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၄၇ ဒသမ ၅၆ ရာခိုင်နှုန်းရှိကြောင်း၊ အောင်မြင်သူများထဲမှ ငါးဘာသာဂုဏ်ထူးရှင် ၁ ဦး၊ လေးဘာသာဂုဏ်ထူးရှင် ၂ ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၅ ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင် ၁၃ ဦးနှင့် တစ်ဘာသာဂုဏ်ထူးရှင် ၅၄ ဦး ထွက်ပေါ်ခဲ့ကြောင်း သိရသည်။
တက္ကသိုလ်ဝင်တန်း အောင်စာရင်းအား ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများက သက်ဆိုင်ရာ စာစစ်ဌာနများတွင် လာရောက်ကြည့်ရှုလျက်ရှိပြီး အောင်စာရင်းလာရောက်ကြည့်ရှုသူများ စိတ်အေးချမ်းသာစွာဖြင့် ကြည့်ရှုနိုင်စေရန် တာဝန်ရှိသူများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လွှမ်းသီဟ(ပြန်/ဆက်)