ဖျာပုံ ဇူလိုင် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များ၊ မွေးပြီးမိခင်များ၊ (၅)နှစ်အောက် ကလေးများ ကျန်းမာရေးမြှင့်တင်ပေးမှုနှင့် ကျား၊မ အခြေပြုသင်တန်းဖွင့်ပွဲအခမ်းအနားကိုယမန်နေ့နံနက်ပိုင်းအချိန်ကအမှတ် (၆)ရပ်ကွက်၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းရုံး ခန်းမတွင် ကျင်းပဆောင်ရွက်သည်။
ရှေးဦးစွာ သင်တန်းဖွင့်ပွဲတွင် မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်အသင်း၊ ဥက္ကဋ္ဌ၊ ပါမောက္ခဒေါက်တာ စန်းစန်းမြင့်အောင်က အမှာစကားပြောကြားပြီး သင်တန်းနည်းပြများက သင်ကြားမည့်အစီအစဥ်များကိုရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်အသင်း၊ ဥက္ကဌ၊ ပါမောက္ခဒေါက်တာ စန်းစန်းမြင့်အောင်၊ အတွင်းရေးမှူး ဒေါက်တာ နွယ်နီအုန်း၊ ဖျာပုံခရိုင် မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ ဒေါ်သီတာကြိုင် ၊ဖျာပုံမြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ ဥက္ကဋ္ဌ ဒေါ် စန်းစန်းဦးနှင့် သင်တန်းတက်ရောက်ကြမည့် မြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ စုစုပေါင်းအင်အား(၃၀)ကျော် တက်ရောက်ကြပြီး ပြည်သူလူထု အခြေပြုစေတနာ့ ဝန်ထမ်းများအတွက် မိခင်၊ မွေးကင်းစကလေးနှင့် (၅)နှစ်အောက် ကလေးများအား ပြုစုစောင့်ရှောက်မှုပေးခြင်း၊ လူထုစည်းရုံး လှုံ့ဆော်ခြင်းနှင့် ပံ့ပိုးဆောင်ရွက်ပေးခြင်းဆိုင်ရာ နည်းလမ်းများအား (၂)ရက် ကြာသင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)