ညောင်တုန်းမြို့နယ်တွင် ဝါခေါင်လကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ(လက်ချည်ပွဲ)အခမ်းအနားကျင်းပ

ညောင်တုန်း ဇူလိုင်  ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ကရင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းမှ ဦးဆောင်ကျင်းပသော ဝါခေါင်လကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ(လက်ချည်ပွဲ)အခမ်းအနားကို ဇူလိုင်လ၊ ၂၇ရက်နေ့ နံနက်ပိုင်းက ညောင်တုန်းမြို့၊အမှတ်(၃)ရပ်ကွက်ရှိ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာ အခမ်းအနားကို မြို့နယ်ကရင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း နာယက ဆရာတော် ဘန္ဒန္တ သုမင်္ဂလက မင်္ဂလာဖားစည်(၉)ချက်တီး၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုး‌ကျော်က ဝါခေါင်လကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ(လက်ချည်ပွဲ)အခမ်းအနားကို ကြွရောက်လာကြသည့် ဧည့်တော်များနှင့် ကရင်တိုင်းရင်းသားအပေါင်းတို့  မင်္ဂလာအပေါင်း ပြည့်စုံကြပါစေကြောင်းနှင့် ကရင်လူမျိုး အားလုံး နှင့်သက်ဆိုင်သော ယဉ်ကျေးမှု၊ စစ်မှန်တဲ့ ရိုးရာအမွေအနှစ်များကို မပျောက်မပျက်ထိမ်းသိမ်းကြပြီး ဥမကွဲ အသိုက်မပျက် စည်းလုံးညီညွှတ်စွာဖြင့် အစဉ်အလာကောင်းများကို ထိန်းသိမ်းကြရန် နှုတ်ခွန်းဆက် အဖွင့်အမှာစကားပြောကြားသည်။

 ဆက်လက်၍ မြို့နယ်ကရင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ စောရန်မျိုးနိုင်က  ဝါခေါင်လကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ(လက်ချည်ပွဲ)ကျင်းပရခြင်းရည်ရွယ်ချက်များကို လည်းကောင်း၊ မြို့နယ်ကရင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း ဒုတိယဥက္ကဋ္ဌ မန်းအောင်မျိုးဦးက ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ(လက်ချည်ပွဲ)အကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ ဘိုးဘွားများကိုယ်စား  မြို့နယ်ကရင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း နာယကမန်းချစ်စိုးက ဆုံးမဩဝါဒစကားကိုလည်း‌ကောင်း ပြောကြား၍ မြို့နယ်ကရင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း အတွင်းရေးမှူး မန်းမျိုးမြင့်ထွေးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ကရင်တို င်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့နယ်အတွင်းရှိ ကရင်တိုင်းရင်းသားများနှင့်အတူ ဝါခေါင်လကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ(လက်ချည်ပွဲ) ကိုကျင်းပခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်ဆက်)