ကရင်ပြည်နယ် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပ

ဘားအံ ဇူလိုင် ၂၈

ကရင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီး ဌာနတို့  ပူးပေါင်းကျင်းပသော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး နှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ဇူလိုင် ၂၈ ရက် နံနက် ၉ နာရီက ဘားအံမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက၊ ပြည်နယ် တရားလွှတ် တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း တွင် စကားပုံဆက်ပြိုင်ပွဲ၊ ရုပ်ပုံဆက်ပြိုင်ပွဲ၊ ကရင်တိုင်းရင်းသားစာပေဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ ပုဂ္ဂလိက စာအုပ်အရောင်းဆိုင်များနှင့် ချိတ်ဆက်၍ သုတ၊ ရသ၊ ကာတွန်း၊ ပုံပြင်၊ ဝတ္ထု၊ မဂ္ဂဇင်း၊ ရုပ်ပြ အမျိုးမျိုး စာအုပ်ဈေးရောင်းပွဲတွင် ကျောင်းသားကျောင်းသူများ ပျော်ရွှင်စွာစာအုပ်စာပေ ဝယ်ယူလေ့လာဖတ်ရှုနေမှု၊ လူငယ်စာဖတ်ဝိုင်း၊ အလယ်တန်း အဆင့်ပုံပြင်ပြောပြိုင်ပွဲ၊ လှပသာယာ ပြည်မြန်မာရောင်စုံဓာတ်ပုံပြပွဲ၊ ဘားအံတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာ တက္ကသိုလ် တို့မှ စာဖတ်ရှိန်မြှင့်တင်ရေး အထောက်အကူပြုပြခန်း၊ အခြေခံပညာဦးစီးဌာန၏ စာစီစာကုံး၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြခန်း၊ ဉာဏ်စမ်းပဟေဋ္ဌိ(Kahoot Quiz)ပြိုင်ပွဲ၊ အထက်တန်းအဆင့်ကျပန်း စကားပြော ပြိုင်ပွဲ၊ မူလတန်းအဆင့်ကဗျာရွတ်ပြိုင်ပွဲ၊ အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲတို့ကို လှည့်လည်ကြည့်ရှုအားပေးခဲ့ ကြသည်။

ယင်းနောက် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်အခမ်းအနားကို အဆိုပါအထက်တန်းကျောင်း မြသံလွင်ခန်းမ၌ ကျင်းပရာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်း သားကျောင်းသူလေးများက ပညာဘဏ်တိုက်စာကြည့်တိုက်သို့သွားကြစို့ သီချင်းဖြင့်သီဆိုဖွင့်လှစ်ပြီး ပြည်နယ်ဝန်ကြီး ချုပ်နှင့်တက်ရောက်လာသူများက နိုင်ငံအကျိုးအတွက် မှန်းမျှော်ရည် ခိုင်မာတိုးတက်စေရမည် ဗီဒီယိုကလစ်ကို အတူ တကွကြည့်ရှုခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က နောင်တစ်ချိန်တွင် နိုင်ငံ့တာဝန်များကိုပခုံးပြောင်း တာဝန်ယူ ကြမည့် ယနေ့ကျောင်းသားလူငယ်များသည် အသိပညာဗဟုသုတမြင့်မားပြီး အကောင်းအဆိုး၊ အကြောင်းအကျိုးကိုဝေဖန် ပိုင်းခြားနိုင်သူများဖြစ်ရန် အထူးလိုအပ်သည့်အတွက် ကျောင်းသား၊ ကျောင်းသူများစုစည်းရာ ကျောင်းစာကြည့်တိုက် များရှင်သန်ဖွံ့ဖြိုးရေး၊ ကျောင်းစာကြည့် တိုက်များကို အမှန်တကယ်အသုံးပြုလာစေရေး၊ စာဖတ်သည့်အလေ့အထ ကောင်းများကို မွေးမြူပေးရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များကို ကျင်းပပေးခြင်းဖြစ်ကြောင်း၊ စဉ်ဆက်မပြတ်စာပေဖတ်ရှုသည့်အလေ့အထများဖြစ်အောင် ဆောင်ရွက်ပေးနိုင်မှသာ စာကြည့်တိုက် ယဉ်ကျေးမှုထွန်းကားပြီး ကျောင်းစာကြည့်တိုက်များရေရှည်ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သည့် အတွက် ကျောင်းစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုး တိုးတက်လာအောင် မိဘ၊ ဆရာ၊ ကျောင်းသား အားလုံးပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ကျောင်းသား၊ကျောင်းသူများက မြန်မာပြည် မှာစာပဒေသာဝေဆာစေ သီချင်း၊ ဘားအံတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများက ပန်းတိုင်းပွင့်ပါစေသီချင်း၊ ဘားအံမြို့နယ်စာရေးဆရာအသင်းက စာပေဂုဏ်ရောင်တန်ဆောင်ဆီမီး တေးသရုပ်ဖော်များဖြင့် သီဆိုကပြဖျော်ဖြေကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် အမျိုးသမီးရေးရာ အဖွဲ့နာယကနှင့်တာဝန်ရှိသူများက ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော်ကို ပါဝင်ဆင်နွှဲကြသည့်ကျောင်းသား၊ကျောင်းသူများအား နေ့လည်စာများ ဝေငှပေးခဲ့ကြကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)