ထားဝယ်ပညာရေးဒီဂရီကောလိပ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

ထားဝယ်           ဇူလိုင် ၂၈

တနင်္သာရီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီက ကြီးမှူးကျင်းပသည့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီ က ထားဝယ်မြို့ ထားဝယ်ပညာရေးဒီဂရီကောလိပ်၊ တိက္ခပညာ ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင်  တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ယနေ့လူငယ်များသည် နိုင်ငံ၏အနာဂါတ်ကို ဆက်လက် တာဝန်ယူသွားကြရမည့်သူများဖြစ်သည့်အတွက် လူငယ်ပြုစုပျိုးထောင်ရေး၊ လူငယ် ဖွံ့ဖြိုးရေးတို့ကို စဉ်ဆက်မပြတ်ပြုလုပ်သွားရန်လိုအပ်ကြောင်း၊ လူငယ်များကိုအနာဂတ်တွင် နိုင်ငံ့ သားကောင်းဖြစ်လာစေရန်အတွက် ကာယ ဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလဆိုသည့် ဗလငါးတန်ဖွံ့ဖြိုးရေးကို ခေတ်အဆက်ဆက်တွင် အစိုးရအသီးသီးက မူဝါဒများ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့လူငယ်၊ နောင်ဝယ်လူကြီးဆိုသကဲ့သို့ နောင်ကျရင် နယ်ပယ်အသီးသီး၌ ဦးစီးဦးဆောင်ပြုရမည့်သူများဖြစ်ကြောင်း၊ လူငယ်များ၏ အနာဂတ်အတွက် စိတ်ကူးစိတ်သန်း၊ စိုးရိမ်မှု၊ အိပ်မက်၊မျှော်လင့်ချက်များကိုယ်စီရှိနေကြမည်ဖြစ်ကြောင်း၊ စိတ်ကူးစိတ်သန်း အိပ်မက်များကို လက်တွေ့အကောင်အထည်ဖော်နိုင်ရန် စာအုပ်စာစောင်များဖတ်ရှုခြင်း၊ အတွေ့အကြုံ ရှိသူများကိုမေးမြန်းခြင်းမှ ရရှိနိုင်သကဲ့သို့ လူငယ်အချင်းချင်းတိုင်ပင်ဆွေးနွေးခြင်း တို့မှလည်း ရရှိနိုင်ကြောင်း၊ တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီအနေဖြင့် ဆယ်ကျော်သက် လူငယ်များ ကျန်းမာကြံ့ခိုင်ရေး၊ စိတ်ဓာတ်၊ စည်းကမ်း၊ လူ့ကျင့်ဝတ်၊ လူ့တန်ဖိုးနှင့် ပြည်ထောင်စုစိတ်ဓာတ်များ ရှင်သန်ဖွံ့ဖြိုးတိုး တက်လာစေရန်အတွက် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲများ၊ လူငယ် စကားဝိုင်းများကို တိုင်းဒေသကြီးအတွင်း၌ ကျင်းပပေးလျက်ရှိသကဲ့သို့  လူငယ်များအလုပ်အကိုင် အခွင့်အလမ်း ရရှိစေရန်အတွက် နည်းပညာပေးသင်တန်းများကိုလည်း ဖွင့်လှစ်သင်ကြားပေးလျှက်ရှိကြောင်း၊ ပုံစံအမျိုးမျိုး၊အဆင့်အမျိုးမျိုးနှင့်ပညာသင်ကြားနေသည့် ကျောင်းများ၊ တက္ကသိုလ် ကျောင်းသားလူငယ်များဗလငါးတန်ဖွံ့ဖြိုးရေးအတွက် အရင်းခံမူလဖြစ်သည့် ဉာဏဗလ(ပညာအား) ပြည့်စုံဖွံ့ဖြိုးရန်အတွက် သင်ယူဆည်းပူးရင်းကျန်ရှိ‌သော(ကာယအား) မိတ္တဗလ(မိတ်ဆွေအား)၊ ဘောဂဗလ(ပစ္စည်းဥစ္စာ အား)၊စာရိတ္တဗလ (ကိုယ်ကျင့်တရားအား) ဆိုသည့် အင်အားများပါ ပြည့်စုံဖွံ့ဖြိုးလာပြီး အနာဂတ်နိုင်ငံတော်၏ ပိုမိုကောင်း မွန် သောမနက်ဖြန်များကို ပုံဖော် ဖန်တီးနိုင်စွမ်းရှိမည့် လူငယ်များအဖြစ် တင့်တယ်စွာ နေရာယူနိုင်ကြလိမ်မည့်ဟု ယုံကြည်ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က MRTV DTH နှစ်စုံနှင့်အားကစားပစ္စည်းများပေးအပ်ရာ ထားဝယ်ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ကလက်ခံရယူသည်။

ဆက်လက်၍တိုင်းဒေသကြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန၊ တိုင်းတာဝန်ခံ ဦးဇော်မင်းထွေးက  ယဉ်ကျေးမှုနှင့် ယဉ်ကျေးမှအမွေအနှစ်ဆိုင်ရာအကြောင်း၊ Polytechnic University (Dawei) ကွန်ပျူတာသိပ္ပံဌာန၊ တွဲဘက်ပါမောက္ခဒေါက်တာ အေးသီတာဝင်းက “AI နည်းပညာအကြောင်း၊ တိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယဦးစီးမှူးဒေါ်အိသန္ဒာ က ပင်လယ်မျှော့အကြောင်း သိကောင်းစရာများအား အသိပညာပေးဟောပြောကြကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)