ကရင်ပြည်နယ်၊ ဘားအံမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းခဲ့၍ သံလွင်မြစ်ရေမြင့်တက်မှုကြောင့် မြေနိမ့်ပိုင်းရှိ ရေဘေးသင့်အိမ်ထောင်စုများ  ကယ်ဆယ်ရေးစခန်းများသို့  ပြောင်းရွှေ့

ဘားအံ   ဇူလိုင် ၂၈

ကရင်ပြည်နယ်၊ ဘားအံမြို့တွင်  မိုးများအဆက်မပြတ်ရွာသွန်းပြီး  သံလွင်မြစ်ရေလျှံတက်မှုများကြောင့် သံလွင်မြစ်ရေချိန်သည် စိုးရိမ်ရေအမှတ် (၇၅၀)စင်တီမီတာအထက်ကျော်လွန်ပြီး (၈၉၂) စင်တီမီတာသို့ရောက်ရှိခဲ့ရာ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းဒေသများတွင်နေထိုင်လျက်ရှိသည့် အိမ်ထောင်စုများမှာ မြစ်ရေများနေအိမ်တွင်းသို့ ဝင်ရောက်မှုကြောင့် ဇူလိုင်လ ၂၆ရက်နေ့မှ စတင်၍ ကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သိရသည်။

ထိုသို့ပြောင်းရွှေ့နေထိုင်လာသည့် အိမ်ထောင်စုများအား ပြည်နယ်၊ ခရိုင်၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များ၏ ကြီးကြပ်မှုဖြင့် ရေဘေးသင့်ပြည်သူများအား အချိန်နှင့်တစ်ပြေးညီ ပြောင်းရွှေ့နေရာချထားပေးနိုင်ရေးအတွက် ခရိုင်၊ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊   ကြက်ခြေနီ တပ်ဖွဲ့ဝင်များ နှင့်လူမှုအဖွဲ့အစည်းများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကရင်ပြည်နယ်၊ ဘားအံမြို့၌ သံလွင်မြစ်ရေသည် စိုးရိမ်ရေမှတ် ၇၅၀ စင်တီမီတာအထက် ရောက်ရှိလာပြီးဖြစ်သည့်အတွက် မြေနိမ့်ပိုင်းနေရာများတွင် နေထိုင်ကြသည့် ပြည်သူများအား ကြိုတင်သတိပြုနိုင်ရန်နှင့် အချိန်မီရှောင်ရှားနိုင်ရန်အတွက် ရေဘေးအန္တရာယ်ကြိုတင် ပြင်ဆင်ရေးအချက်များနှင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် မြစ်ရေကြီးခြင်း သတိပေးထုတ်ပြန်ချက်များကိုလည်းအချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)