စစ်ကိုင်း ဇူလိုင် ၂၈
စစ်ကိုင်းမြို့နယ်တွင် မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်များအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ထောက် ပံ့ငွေ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်ကိုင်းမြို့နှစ်(၇၀၀) အားကစား ကွင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှဒုတိယဗိုလ်ချုပ်ကြီးသက်ပုံ၊ စစ်ကိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ နေအိမ်ထိခိုက်ပျက်စီးခဲ့သည့် ပြည်သူများ တက်ရောက်ကြကြောင်း သိရသည်။
အခမ်းအနားတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးအောင်တို့က နေအိမ်များထိခိုက် ပျက်စီးမှုအပေါ် ထောက်ပံ့ပေးမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက်ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများက မင်းလမ်းရပ်ကွက်နှင့် နန္ဒဝန်ရပ်ကွက်တို့မှ နေအိမ်ထိခိုက်ပျက်စီးခဲ့သည့် ပြည်သူမျာကို ထောက်ပံ့ငွေထုတ်ပေးနေမှုအခြေအနေများအား ကြည့်ရှုခဲ့ပြီး ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
စစ်ကိုင်းမြို့နယ်တွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပြည်သူများ၏ နေအိမ် လုံးဝပျက်စီး(၄၄၂)လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီး (၁၃၃၃)လုံး၊ စုစုပေါင်း (၁၇၇၅) လုံးအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ငွေကျပ် (၁၀၈၅၉.၂၉၇၃) သန်းကို ထောက်ပံ့ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။
နေလင်းအောင်