အထက်မင်းလှ ဇူလိုင် ၂၈
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့အခြေခံပညာအထက်တန်းကျောင်း၏ နွေရာသီ ဘင်ခရာသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက မင်းလှမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒသကြီး ၀န်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာန ဆိုင်ရာတာ၀န်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
ရှေးဦးစွာ မင်းလှမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူလေးများက " မြန်မာ့ကျောင်း "သီချင်းဖြင့်သီဆို၍အခမ်းနားကိုဖွင့်လှစ်ခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာစကားပြောကြားရာတွင် မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ်၊ အခြေခံပညာ အထက်တန်းကျောင်း ဘင်ခရာသင်တန်းကိုပထမဆုံးဖွင့်လှစ်နိုင်ပြီး ကျောင်း၏ ကိုယ်ပိုင်ဘင်ခရာအဖွဲ့ ဖွဲ့စည်းနိုင်သောကြောင့် ဝမ်းသာဂုဏ်ယူမိပါကြောင်း “ဘင်ခရာ”ဟူသော ဝေါဟာရသည် “ဘင်” နှင့် “ခရာ” ခေါ် တူရိယာ(၂)မျိုးကို အလိုက်သင့်တွဲခေါ်ထားခြင်းဖြစ်ကြောင်း၊ “ဘင်” သည် အနောက်နိုင်ငံသုံး တီးစရာတူရိယာဖြစ်ပြီး၊ “ခရာ”သည် မှုတ်စရာတူရိယာဖြစ်ကြောင်း၊ ဘင်ခရာအဖွဲ့၏ သဘောသဘာဝ၊ အသင်းစိတ်ဓာတ်နှင့် အသင်းစည်းလုံးညီညွတ်မှု၊ ဇွဲရှိမှု၊ စိတ်အားထက်သန်မှုများက အရေးကြီးကြောင်း၊ စုပေါင်းတီးမှုတ်လှုပ်ရှားခြင်းဖြင့် အများနှင့်လိုက်လျောညီထွေပြုမှု ဆောင်ရွက်တတ်စေကြောင်း၊ စစ်ရေး ပြနှင့် ဂီတပေါင်းစပ်ထားသဖြင့် စိတ်ပိုင်းဆိုင်ရာ တက်ကြွမှု၊ ပျော်ရွှင်မှုများဖြစ်ပေါ်စေကြောင်း၊ အသင်းအဖွဲ့လှုပ်ရှားမှုဖြစ်သဖြင့် ဟန်ချက်ညီစွာ လှုပ်ရှားနိုင်စွမ်းရှိပြီး ဂီတရသကို သိရှိခံစားစေကာ ဗလငါးတန်ပြည့်စုံမှုကို ဦးတည်ကြောင်း၊ ဘင်ခရာအဖွဲ့စဉ်ဆက်မပြတ် ဆက်လက်ရှင်သန်အောင်ဆောင်ရွက်ပေးကြ ရန် လိုအပ်ကြောင်း ပြောကြားခဲ့ပြီး မကွေးတိုင်းဒေသကြီး ပညာရေးမှူး ဒေါက်တာ ကျော်စိုးနိုင်က ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။
ထို့နောက် မင်းလှမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ဘင်ခရာအဖွဲ့၀င် ကျောင်းသား/ ကျောင်းသူလေးများက "စည်းလုံးခြင်းအတွက်သီချင်းတစ်ပုဒ်" သီချင်းဖြင့်လည်းကောင်း၊ အခြေခံပညာ အထက်တန်းကျောင်းမှကျောင်းသား/သူလေးများက " ဇာတိမာန် " သီချင်းဖြင့်လည်းကောင်း သီဆို ဖြေဖျော်ခဲ့ကြသည်။ ဆက်လက်၍ တိုင်းဒေသကြီး၀န်ကြီးချုပ်က ဘင်ခရာအဖွဲ့၀င် ကျောင်းသား/ ကျောင်းသူများအား သင်တန်းဆင်းလက်လက်မှတ် နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြောင်းသိရသည်။
ဆက်လက်၍ အဆိုပါခန်းမ၌ပင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှူဆောင် အရာရှိ ဦးဉာဏ်ဦးမှ အမှိုက်ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးလုပ်ငန်းအဖြစ် အမှိုက်ခြောက်၊ အမှိုက်စို၊ အန္တရာယ် ရှိသော အမှိုက်နှင့် ပလတ်စတစ်အိတ်အမှိုက်ခွဲခြားစွန့်ပစ်နည်းကို စနစ်တကျခွဲခြား၍ ကျောင်းသား၊ ကျောင်းသူများအား လက်တွေ့သရုပ်ပြသနေမှုကို မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်များက ကြည့်ရှုခဲ့ကြောင်း သိရသည်။
ဝင်းမြတ်(အထက်မင်းလှ)