ပုသိမ် ဇူလိုင် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးအနေဖြင့် ၂၀၂၅ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေအပါအဝင် တည်ဆဲအခွန်ဆိုင်ရာဥပဒေများနှင့် ကုန်သွယ်လုပ်ငန်းခွန် ဥပဒေအရ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရမည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ ပြေစာအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့်ကိစ္စရပ်များကို ဌာနဆိုင်ရာများနှင့်လုပ်ငန်းရှင်များသို့ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့နယ်၊ ငွေဆောင်မြို့၊ ယမုံနာဦးဟိုတယ်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခွန်ဆိုင်ရာရှင်းလင်းဆွေးနွေးပွဲတွင် ပုသိမ်မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးအောင်ကိုဦးက ပြည်တွင်း အခွန်များဦးစီးဌာနက ကောက်ခံလျက်ရှိသောအခွန်အကြောင်းသိကောင်းစရာများ၊ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေအရ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရမည့်လုပ်ငန်းများနှင့်စပ်လျဉ်း၍ ပြေစာအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ သိကောင်းစရာများနှင့်တည်ဆဲအခွန်များ ဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့်ကိစ္စရပ်များအား ရှင်းလင်းပြောကြားသည်။
ထို့နောက်ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် အခွန်ထမ်းပြည်သူများက သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်