ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသက်(၂၃) နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များအား တွေ့ဆုံအားပေး

ပုသိမ် ဇူလိုင် ၂၈

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့နံနက်ပိုင်းက ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၃) နှစ်အောက် အမျိုးသား၊ အမျိုးသမီးပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များအား  သွားရောက်တွေ့ဆုံအားပေးခဲ့ကြကြောင်း သိရသည်။

ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကိုးသိန်းအားကစားကွင်း ထမင်းစားဆောင်သို့သွားရောက်၍ ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၃)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များမှ အားကစားသမားများအား နေ့လယ်စာကျွေးမွေးနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား ဆန်၊ ဆီ၊ အသား၊ ငါး ဈေးနှုန်းသက်သာစေရန် စီမံပေးထားသဖြင့် အမယ်နှုန်းထားများ ပိုမိုကျွေးမွေးရန်၊ ထမင်းစားဆောင် သန့်ရှင်းသပ်ရပ်ရေး အလေးထားဆောင်ရွက်ရန်၊ အားဖြည့်စာများ ကျွေးမွေးနိုင်ရေး ဆောင်ရွက်ထားရန်၊ သန့်ရှင်းလတ်ဆက်၍ ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအစာများ ချတ်ပြုတ် ကျွေးမွေးစေရေးနှင့်အားကစားသမားများအတွက် နေ့စဉ်တည်းခိုနေထိုင်စားသောက်ရာတွင် လိုအပ်ချက်မရှိအောင် စီစဉ်ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပြည်ထောင်စုနယ်‌မြေ နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အမျိုးသား၊ အမျိုးသမီးအသင်းများအား တွေ့ဆုံအားပေးခဲ့ပြီး အားကစားသမားများအတွက် နေထိုင်စားသောက်ရေးကိစ္စများ အဆင်ပြေစေရေး ဆောင်ရွက်ပေးထားပါကြောင်း၊ ကျန်းမာရေးဂရုစိုက်နေထိုင်ရန်၊ ပြိုင်ပွဲများတွင် အနိုင်ရရှိရေးအတွက် အားသွန်ခွန်စိုက်လေ့ကျင့်ရန်၊ ပြိုင်ပွဲယှဉ်ပြိုင်ရာတွင် အနိုင်မခံအရှုံးမပေးစိတ်ဓာတ်ဖြင့် အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်ရန်၊ အားကစားသမားအချင်းချင်း ညီညီညွတ်ညွတ် စုစုစည်းစည်းဖြင့် နေထိုင်ကြရန်၊ အခက်အခဲများရှိပါက သက်ဆိုင်ရာတာဝန်ရှိသူများထံ တင်ပြဆောင်ရွက်ရန်တို့ကို မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစား ပြိုင်ပွဲရုံ(၂)သို့ သွားရောက်၍ ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၃)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များ လေ့ကျင့်ရန်အတွက် ပြင်ဆင်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားသမားများလေ့ကျင့်ရာတွင် အဆင်ပြေစေရေး၊ လိုအပ်ချက်များမရှိစေရေး ပြင်ဆင်ထားရှိရန် မှာကြားခဲ့ပြီး အကစားအဖွဲ့များ၏ သတ်မှတ်အချိန်များအတိုင်း လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

 ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၃) နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲအား ယခုလ ၃၀ ရက်နေ့မှ ဩဂုတ်လ ၇ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

လှမင်းထွဋ်