မုံရွာ ဇူလိုင် ၂၇
သဲဖြူတောရဓမ္မရိပ်သာ ဆရာတော်ကြီး ဦးဆောင်၍ ပေါက္ကံဖောင်ဒေးရှင်းမှ စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နှင့်အနီးဝန်းကျင်ရှိကျေးရွာများမှ မျက်စိဝေဒနာရှင်များအတွက် စက္ခုဒါနအလှူတော်ကို ယမန်နေ့နံနက်ပိုင်းတွင် ဟုမ္မလင်းမြို့၊ ကုတင် ၁၀၀ ဆံ့၊ ပြည်သူ့ဆေးရုံကြီးတွင် စမ်းသပ်ခွဲစိတ်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ မျက်စိဝေဒနာရှင်များအား စမ်းသပ်ခွဲစိတ်ပေးရာသို့ သဲဖြူတောရ ဓမ္မရိပ်သာဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တပညာဇောတ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ပေါက္ကံဖောင်ဒေးရှင်းမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး ဟုမ္မလင်းမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှ လာရောက်ပြသကြသည့် မျက်စိဝေဒနာရှင်များ အား နံနက်စာအအေးနှင့်မုန့်များ ပေးအပ်ခဲ့ကြပြီး မျက်စိဝေဒနာရှင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် ားပေးစကားများ ပြောကြားခဲ့ကြသည်။
ဆက်လက်၍ ဆရာတော်ကြီးအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ ကနေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် ဟုမ္မလင်းမြို့၊ ဆုတောင်းပြည့်စေတီတော်ကြီးအတွင်းရှိ ဓမ္မဝိစယဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်သည့် သဲဖြူတောရဓမ္မရိပ်သာ ဆရာတော်ကြီး၏ ဟုမ္မလင်းမြို့နယ် အတွင်းရှိ ဆရာတော်၊သံဃာတော်များအား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့် ချင်း တွင်းအထက်ပိုင်းရှိ မျက်စိဝေဒနာရှင်များအား မျက်စိခွဲစိတ်၊ ဆေးအလှူတော် ရေစက်ချ မင်္ဂလာအခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ “နမောတဿ”သုံးကြိမ် ရွတ်ဆိုဘုရားကန့်တော့၍ အခမ်းအနားအား ဖွင့်လှစ်ကြပြီး သဲဖြူတောရ ဓမ္မရိပ်သာ ဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တပညာဇောတထံတော်မှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကြ သည်။
ယင်းနောက် သဲဖြူတောရဓမ္မရိပ်သာ ဆရာတော်ကြီးထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီးတို့က ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝထ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်း ခဲ့ကြပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ချင်းတွင်းအထက်ပိုင်းရှိ မျက်စိဝေဒနာရှင်များအား မျက်စိခွဲစိတ်၊ ဆေးအလှူတော် အတွက် အလှူငွေကျပ်-သိန်း ၃၀၀ အား ဆက်ကပ်လှူ ဒါန်းခဲ့ကာ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် အလှူရှင်များက ဆရာတော်ကြီးထံ အလှူငွေများ ဆက်ကပ်လှူဒါန်း ကြသည်။
ဆက်လက်၍ သဲဖြူတောရဓမ္မရိပ်သာ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက အနုမောဒနာတရားနာယူကြည်ညိုကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ “ဗုဒ္ဓသာသနံစိရံတိဌတု”သုံးကြိမ်ရွတ် ဆိုဘုးကန့်တော့၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြသည်။
ထို့နောက် ဆရာတော်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့၊ ကုတင် ၁၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီး၌ ဟုမ္မလင်းမြို့နှင့်အနီးဝန်းကျင်ရှိကျေးရွာများမှ ဒေသခံမျက်စိဝေဒရှင်များအား အမြင်အာရုံစမ်းသပ်ပေးနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး မျက်စိပါရဂူ ဆရာဝန်ကြီးများ၊ ဆရာဝန်များနှင့် သူနာပြုများ အတွက် ဆရာတော်ကြီးမှ ဂုဏ်ပြုငွေများပေးအပ်ခဲ့သည်။
ဆက်လက်ပြီး ဆရာတော်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် အဆိုပါဆေးရုံရှိ သတ်မှတ်အဆောင်များတွင် မျက်စိခွဲစိတ်ပြီးလူနာများအား နေကာမျက်မှန်များနှင့် ဆေးများ အား လိုက်လံပေးအပ်ခဲ့ကြပြီး မျက်စိအကြီးစား ခွဲစိတ်နေမှုအားသွားရောက် ကြည်ရှုကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ သဲဖြူတောရဓမ္မရိပ်သာ ဆရာတော်ကြီး ဦးဆောင်၍ ပေါက္ကံဖောင်ဒေးရှင်းမှ ဟုမ္မလင်းမြို့နယ်အတွင်းရှိ မျက်စိဝေဒနာရှင်များအား ဇူလိုင်လ ၂၆ ရက်နေ့မှ ဇူလိုင်လ ၃၀ ရက်နေ့ထိ ၅ ရက်ကြာ စမ်းသပ်ကုသပေးသွားမည်ဖြစ်ပြီး စက္ခုဒါနအလှူတော် ပထမနေ့အနေဖြင့် စမ်းသပ်လူနာ ၃၈၄ ဦး၊ အကြီးစားခွဲစိတ်လူနာ ၄၁ ဦး၊ အသေးစား ခွဲစိတ်မှု ၄ ဦး၊ လူနာ ၃၃၉ ဦးအား ကုသပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)