ဝါးခယ်မ ဇူလိုင် ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း၊ သီလရှင်စာသင်တိုက်များ၌သီတင်းသုံးတော်မူကြကုန်သော သံဃာတော်အရှင်သူမြတ်များအား ဆွမ်းဆန်တော်၊ ဆီဆွမ်းနှင့် ကိုယ်ရုံများလှူဒါန်းခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီက မင်းပိုင်းရပ်ကွက်၊ ကွမ်းခြံကုန်း ကျောင်းတိုက် သံဃာရာမဓမ္မဗိမာန်တော်တွင် ပြုလုပ်ခဲ့သည်။
မြို့နယ်သံဃနာယကအဖွဲ့ ဆရာတော်ကြီးများ၏ လမ်းညွှန်မှုဖြင့် နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သော ဆွမ်းဆန်တော်၊ ဆီဆွမ်းနှင့် ကိုယ်ရုံများလှူဒါန်းခြင်းအခမ်းအနားတွင် နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး ကြွရောက်လာကြသည့် ဧည့်ပရိသတ်များက မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဒွိပိဋကဓရ ဘဒ္ဒန္တခေမာစာရ ကွမ်းခြံကုန်းကျောင်း ဆရာတော်ထံက ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။
ထို့နောက် မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်မောင် က သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး တက်ရောက်လာကြသူများက ဝါးခယ်မမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း (၆၃) ကျောင်း၊ သီလရှင်စာသင်တိုက် (၄) ကျောင်း၊ စုစုပေါင်း (၆၇)ကျောင်းတို့မှ သံဃာတော်အရှင်သူမြတ်များနှင့် သီလရှင်ဆရာကြီးတို့အား ဆွမ်းဆန်တော်နှင့် ဆီဆွမ်းများ၊ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ငါးထပ်ကြီး မြောက်ရပ် လိပ်ပြာကန်တိုက် ကြာနီကန်ကျောင်း ဦးစီးပဓာန နာယက အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ နိုင်ငံကျော် ဓမ္မကထိက ဘဒ္ဒန္တရေဝတ ဝါးခယ်မဆရာတော်ကြီး၏ သက်တော် (၇၈) နှစ်ပြည့် မွေးနေ့အလှူအဖြစ် ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်စာသင်တိုက် စုစုပေါင်း (၆၇) ကျောင်းမှ သံဃာတော်အရှင်သူမြတ်များနှင့် သီလရှင်ဆရာကြီးတို့အား ငါးသောင်းကျပ်နှုန်းစီဖြင့် ထပ်မံဆပ်ကပ်လှူဒါန်းခဲ့ ကြောင်း သိရသည်။
လွှမ်းသီဟ (ဝါးခယ်မ)