မြောင်းမြခရိုင် ပြည်သူ့ဆေးရုံမှ အထူးကု ဆရာဝန်ကြီးများ ဝါးခယ်မမြို့နယ်  ကျွန်းကုန်းကျေးရွာနှင့် အနီးအနားရှိ ကျေးရွာများမှ ပြည်သူများအား ကွင်းဆင်း ဆေးကုသပေး

ဝါးခယ်မ ဇူလိုင် ၂

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် မြောင်းမြခရိုင်၊ ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများသည် ယနေ့နံနက်  ၈ နာရီက ဝါးခယ်မမြို့နယ် ကျွန်းကုန်းကျေးရွာသို့ ကွင်းဆင်းကာ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။

ယင်းသို့ ဆောင်ရွက်ရာတွင် မြောင်းမြခရိုင် ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာ ဇော်မင်းသိုက်မှ ဦးဆောင်ကာ အထူးကုဆရာဝန်ကြီးများမှ  သားဖွားမီးယပ်လူနာ (၃၃)ဦး၊ ကလေးရောဂါ လူနာ( ၅၃ )ဦး၊ အရိုးနှင့်ထိခိုက်ဒဏ်ရာလူနာ (၁၆၄)ဦး၊ ခွဲစိတ်ရောဂါလူနာ ( ၆ )ဦး ၊အထွေထွေရောဂါလူနာ( ၂၁၁)ဦး၊ မျက်စိလူနာ (၁၄၃)ဦး၊ အရေပြားဆိုင်ရာလူနာ ( ၇၃ )ဦး၊ နား၊နှားခေါင်းလည်ချောင်းလူနာ (၃၇)ဦး၊ သွားနှင့်ခံတွင်းဆိုင်ရာလူနာ (၃၅)ဦး၊ ကိုယ်အင်္ဂါ ပြန်လည် သန်းစွမ်းရေးလူနာ (၄၇)ဦး တို့ကို ကြည်ရှုကုသပေးခဲ့ပြီး၊ လူနာ (၃၉) ဦးအား ပြည်သူ့ဆေးရုံကြီး မြောင်းမြမြို့၌ လိုအပ်သော ကုသမှုများဆက်လက်ဆောင်ရွက်နိုင်ရန်ညွှန်းပို့စီစဉ်ဆောင်ရွက်ခဲ့ကြောင်းနှင့် ရောဂါရှာဖွေစစ်ဆေးခြင်းအနေဖြင့် အာထရာဆောင်းရိုက်ခြင်း(၂၈)ဦး၊ သွေးဖောက်စစ်ဆေးခြင်း(၅၃)ဦး၊ ECGဆွဲခြင်း ( ၂၉)ဦးတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ မြောင်းမြခရိုင်၊ ပြည်သူ့ဆေးရုံကြီးမှ အထူးကု ဆရာဝန်ကြီးများ ကွင်းဆင်းဆေးကုသရာတွင် ကျွန်းကုန်ကျေးရွာနှင့် အနီးအနားရှိ ရေလိန်၊ အူကျွန်း၊ မဲဇလီ၊ ကြခတ်ကုန်း၊ ကံကွင်း၊ ရွှေလောင်း၊ ကျုံကပြင်၊ မိုးမခသက္ကယ်၊ မိုးမခအုတ်ကျင်း၊ ကလ၊ ကလိပ်ကျုံပတုပ်၊ အရှေ့ဒရင်း၊ ဗမော်၊ ကြာဖြူ၊ သဲကုန်း ကျေးရွာကျေးရွာများမှ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ကွင်းဆင်းဆေးကုသမှု လုပ်ငန်းများကို မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ပြီး ဝါးခယ်မမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဌာနနှင့်  ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များက ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လွှမ်းသီဟ (ဝါးခယ်မ)