ဘားအံ ဇူလိုင် ၂၇
ကရင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် တောင်သူလယ်သမားအကျိုးစီးပွားမြှင့်တင်ရေးနှင့်အခွင့်အရေး ကာကွယ်ရေးလုပ်ငန်းများကို အစဉ်တစိုက်ဆောင်ရွက်ပေးလျက်ရှိပြီး စားရေရိက္ခာဖူလုံပိုလျှံရေးနှင့် လယ်ယာကဏ္ဍတိုး တက်မြင့်မားရေးအတွက် ဌာနဆိုင်ရာများနှင့်ဒေသခံတောင်သူများ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် ဇူလိုင်လ ၂၆ ရက်နေ့နံနက်ပိုင်းက ဘားအံမြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး မြေပြင် ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဘားအံမြို့နယ် ရဲသာကျေးရွာအုပ်စု၊ လှိုင်ရွာရှိ တောင်သူဦးလုံ(ခ)ဦးအောင်ဖေညွန့်၏ တစ်ပိုင်တစ်နိုင် ဒေသကြက် ၁၁၂ ကောင်နှင့် ဝက် ၄၇ ကောင် မွေးမြူရေးခြံအား သွားရောက်ကြည့်ရှုအားပေးရာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနညွှန်ကြားရေးမှူးဒေါက်တာတင်နွယ်ရီက တောင်သူမွေးမြူထားရှိမှု၊ မိုးရာသီတွင်ဖြစ်ပွားတတ်သည့်ရောဂါများနှင့်ကြိုတင်ကာကွယ် ကုသရေးလုပ်ငန်းများ ဆောင်ရွက်ပေးထားမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်ကတိုးချဲ့မွေးမြူနိုင်ရေးနှင့် လိုအပ်သည်များ ကူညီဖြည့်ဆည်းပေးနိုင်ရေးမှာကြားကာ တိရစ္ဆာန်သုံးဆေးဝါးများအခမဲ့ ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်၊ တော်ပုံကျေးရွာ၊ ကွင်အမှတ်-၁၁၉၀ ရှိ တောင်သူဦးထွန်းတင်၏ မိုးစပါးတစ်ဧကအထွက်နှုန်း တိုးတက်ရေးနည်းပညာပေးစံပြ စိုက်ခင်း(၅ဧက)၌ စိုက်ပျိုးရေးဦးစီးဌာန၊ မြေအသုံးချရေးဌာန(ခွဲ)မှ ခရုအမိုင်နိုအက်စစ် ပြုလုပ်သုံးစွဲနည်းနှင့် အီးအမ်ဘိုကာရှီမြေဆွေးပြုလုပ်သုံးစွဲနည်းတို့ကို လက်တွေ့ပြုလုပ်ပြသရာ တော်ပုံ၊ လှိုင်ကမ္ဘာ၊ ကော့ထမလိန်းကျေးရွာများမှ မိုးစပါးစိုက်တောင်သူများ တက်ရောက်ကြည့်ရှုလေ့လာခဲ့ကြပြီး ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနညွှန်ကြားရေးမှူး ဦးထွန်းမြင့်နှင့်တာဝန်ရှိသူများက သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲခြင်းဖြင့်ရရှိနိုင်သော အကျိုးကျေးဇူးများကို ရှင်းလင်တင်ပြ၍ ပြန်လည်ပြုလုပ်သုံးစွဲကြရန် တိုက်တွန်းပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်ကပြန်လည် ပြုလုပ်လိုသည့် တောင်သူများအား အီးအမ်(အပြင်း) ရည်များကိုအခမဲ့ဖြန့်ဝေပေးခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မိုးစပါးအထွက်နှုန်းတိုးတက်ရေးနည်းပညာပေး စံပြစိုက်ခင်းအား စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများနှင့် ဒေသခံတောင်သူများစုပေါင်းစိုက်ပျိုးနေမှု အား လှည့်လည်ကြည့်ရှုအားပေးကာ ပင်ကြား၊တန်းကြားမှန်ကန်စေရေး၊ သွင်းအားစုများအချိန်ကိုက် ထည့်သွင်းနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်စေရေး တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်၊ ကော့ထမ္မလိန်းကျေးရွာ၊ ကွင်းအမှတ်-၁၂၀၄၊ တောင်သူဦးထွန်းဝင်း၏ မိုးစပါးတစ်ဧကအထွက်နှုန်း တိုးတက်ရေး နည်းပညာပေးစံပြစိုက်ခင်း၌ ကော့ထမ္မလိန်း၊ ကော့တရုတ်ရ၊ လှိုင်ကမ္ဘာ၊ ကော့လှိုက်ကျေးရွာများမှ တောင်သူများပူးပေါင်း၍ သဘာဝမြေဩဇာနှင့်ယူရီးယားဓါတ် မြေဩဇာ အချိုးကျရောစပ် စုပေါင်းကြဲပက်ခြင်းကွင်းသရုပ်ပြပွဲနှင့် အမှတ်(၂၀)စက်မှုလယ်ယာစခန်း(ဘားအံ)မှ ကွင်းအမှတ် ၁၂၀၄၊ ကံမြားမြောက်ကွင်း၊ တောင်သူဦးစိုးဝင်းပါ(၃)ဦး၏ မိုးစပါးစိုက်ပျိုးမည့်လယ်မြေ ၆ ဒဿမ ၁၈ ဧက၌ Kubota 50 ထွန်စက်ကြီး ၃ စီးဖြင့်မြေယာထွန်ယက်ပေးနေမှုများကို ကြည့်ရှုအားပေးပြီး မိုးစပါးအထွက်နှုန်းတိုးတက်ရေးအတွက် လိုအပ်သည့်သွင်းအားစုများ ဖြည့်ဆည်းကူညီပေးနိုင်ရေး နှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးပမ်းဆောင်ရွက်ကြရန် တာဝန်ရှိသူများအားမှာကြားသည်။
အလားတူ ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သံလွင်မြစ်ရေသည် ယနေ့နံနက် ၆ နာရီခွဲအချိန် တိုင်းတာချက်များအရ စိုးရိမ်ရေမှတ် ၇၅၀ စင်တီမီတာအထက် ၈၅၀ စင်တီမီတာသို့ရောက်ရှိနေပြီး ဘားအံမြို့ အနိမ့်ပိုင်းလူနေ ရပ်ကွက်များအတွင်း ရေများဝင်ရောက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် နှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ်(၅)ရပ်ကွက်၊ မြေနိမ့်ပိုင်းရှိ လူနေအိမ်များအတွင်း ရေများ ဝင်ရောက်နေမှုအခြေအနေ၊ ဆက်လက်နေထိုင်ရန်အသင့်တော်တော့သည့် နေအိမ်များမှ အိမ်ထောင်စုများအား မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့နှင့် လူမှုရေး အသင်းအဖွဲ့များမှ ကူညီပြောင်းရွှေ့ပေးနေမှုများကို သွားရောက်ကြည့်ရှုအားပေးပြီး အချိန်နှင့် တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူများအား မှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သံလွင်မြစ်ရေမြင့်တက်လာမှုကြောင့် ၎င်းတို့နေအိမ်တွင် ဆက်လက်နေထိုင်ရန်မသင့်တော်တော့သည့် အိမ်ထောင်စုများအား သက်ဆိုင်ရာတာဝန်ရှိသူ များက အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ မိုးလုံလေလုံအားကစားခန်းတွင် ယာယီပြောင်းရွှေ့နေရာချပေးနေမှုများကို ကြည့်ရှုအားပေးပြီး ယာယီပြောင်းရွှေ့နေထိုင်သည့် အိမ်ထောင်စုများအား စနစ်တကျနေရာချထားပေးနိုင်ရေး၊ သန့်ရှင်းသော သောက်ရေသုံးရေရရှိရေး၊ သန့်စင်ခန်းများပြည်စုံလုံလောက်မှုရှိစေရေး၊ လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)