တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲအခမ်းအနားသို့တက်ရောက်

ထားဝယ်   ဇူလိုင် ၂၇

နင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီမံမှုဖြင့်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ အမှတ်(၂)အခြေခံ ပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာအမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ပညာဘဏ်တိုက်စာကြည့်တိုက်သို့သွားကြမည်” သီချင်းဖြင့် လည်းကောင်း၊ မုဒိတာကိုယ်ပိုင် အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက  တိုင်းရင်းသားအကဖြင့်လည်းကောင်း၊ အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်းမှဆရာ/ဆရာမများက ပညာဘဏ်တိုက် စာကြည့် တိုက်” သီချင်းဖြင့်လည်းကောင်း သီဆိုကပြဖျော်ဖြေသည်။

အခမ်းအနားတွင်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက စာပေသည်လူမျိုး၏ယဉ်ကျေးမှုမဏ္ဍိုင်ဖြစ်ပြီး စာအုပ်မျိုးစုံသည် လူသားများ၏ ခေတ်ကြေးမုံပြင်ဖြစ်ကြောင်း၊ စာအုပ်စာပေသည် လူသားများအတွက် မိတ်ဆွေကောင်းဖြစ်ပြီး စာပေမြင့် လာသည်နှင့်အမျှလူမျိုးလည်းတင့်တယ်ဝင့်ကြွားလာမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ကလူငယ်များ စာပဖတ်ရှုကြသည့် အလေ့အထဖြစ်ပေါ်လာစေရန် စာကြည့်တိုက်များ ဖွံ့ဖြိုးရေးနှင့်စာပေဝန်းကျင်ကောင်းများဖြစ်ထွန်းလာစေရန် အစဉ်အမြဲ ဖန်တီး ဖော်ဆောင်ပေးလျက်ရှိ ကြောင်း၊ စာပေဖတ်ရှုခြင်း၏ အကျိုးရလဒ်သည် တိုင်းပြည်နှင့်လူမျိုးအတွက် အကျိုးစီးပွားဖြစ်ထွန်း စေသဖြင့်နည်းပညာများ မည်သို့ပင်တိုးတက်သော်လည်း စာဖတ်သည့်အလေ့အထများ ပြန်လည် ထွန်းကားအောင်ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊  စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို တနင်္သာရီတိုင်း ဒေသကြီးအတွင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့်(၁၅)ကြိမ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အကြောင်းအမျိုး မျိုးကြောင့် ကျောင်းသင်ပညာရေးနည်းလမ်းဖြင့် သင်ကြားခွင့်မရရှိခဲ့သူများ ၊ကျောင်းမနေခဲ့ရသူများကိုကျောင်းပြင်ပ ပညာရေးနည်းလမ်းဖြင့် သင်ကြားပေးနိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဆောင်ရွက် ပေးထားသည်များရှိကြောင်း၊ ကလေးသူငယ်များသည်နောင်တွင်မိမိဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ရမည့်သူများဖြစ်ကြောင်း၊ ကျောင်းသားများသည် ကျောင်းသားဘဝတွင် ပညာရှာဖွေရန်သာဖြစ်ပြီး ဘဝအတွက် ကောင်းကျိုးမပြုသည့် မူးယစ်ဆေးဝါး၊ အရက်၊ ဆေးလိပ်၊ ကွမ်းယာတို့ကို ရှောင်ရှားကြ စေလိုကြောင်း၊ သားသမီးဝတ္တရား၊ တပည့်ဝတ္တရားကျေပွန်သည့်လူငယ်များဖြစ်အောင် ကြိုးစားကြစေ လိုကြောင်း အတတ်ပညာသာမက အသိပညာဗဟုသုတကြွယ်ဝလျက်အသိဉာဏ်ပညာပြည့်ဝပြီး နိုင်ငံ့ အကျိုးကို သယ်ပိုးဆောင်ရွက်နိုင်မည့် လူတော်လူကောင်းများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက လူငယ်စာပေဆွေးနွေးကြသော ကျောင်းသား၊ ကျောင်းသူ(၄)ဦး အားဂုဏ်ပြု ဆုချီးမြှင့်ပြီး ကျပန်းစကား ပြောပြိုင်ပွဲ(အထက်တန်း)အဆင့်တွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအားဆုချီးမြှင့်ကာ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးက စာစီစာကုံး (အထက် တန်း) အဆင့်တွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်သည်။

ဆက်လက်၍ တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီးမင်းမင်းလတ်က စာဖတ်စွမ်းရည် (အလယ်တန်း)အဆင့်တွင် ဆုရရှိသောကျောင်းသား/သူများအားလည်းကောင်း၊ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီးဦးမောင်ကြီးက စာစီစာကုံး(အလယ်တန်း) အဆင့်တွင် ဆုရရှိသောကျောင်းသား/သူများအားလည်းကောင်း၊ တိုင်းဒေသကြီးသယံဇာတရေး ရာ ဝန်ကြီး ဦးခင်မောင်မြင့်က ပုံပြင်ပြောပြိုင်ပွဲ(မူလတန်း) အဆင့်တွင် ဆုရရှိသော ကျောင်း သား/သူများအား လည်းကောင်း၊ ဆုများအသီးသီးပေးအပ်ချီးမြှင့်သည်။

ယင်းနောက် တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးဦးသက်နိုင်၊ တိုင်းဒေသကြီးလမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးအောင်ဇော်လှိုင်၊ တိုင်းဒေသကြီးတိုင်းရင်း သားရေးရာဝန်ကြီးဦးစောမာတင်လူသာ၊ တိုင်းဒေသကြီး ဥပဒေချုပ်ဦးအုန်းသန်းနှင့်တာဝန်ရှိသူများတို့က ပြိုင်ပွဲဝင်ကျောင်းသား/သူများအား ဂုဏ်ပြုလက်ဆောင်များပေးအပ်ကြပြီးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၊မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့်အလှူရှင်များ(ကိုယ်စား) ကျောင်းအကျိုးဆောင်တို့က ကျောင်းစာကြည့်တိုက်အတွက် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာကြီးက လက်ခံ ရယူသည်။

ထို့နောက် ဆုရရှိသောကျောင်းသား၊ ကျောင်းသူများက ပြိုင်ပွဲဝင်ခေါင်းစဉ်များဖြင့် ပြန်လည်၍သရုပ်ပြပြီး မုဒိတာကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများကအမျိုးသား စာပေယဉ်ကျေးမှု အမွေသီချင်းဖြင့် သီဆို၍အခမ်းအနားအား ရုပ်သိမ်းလိုက်သည်။

တိုင်းဒေသကြီး(ပြန်/ဆက်)