ကန့်ဘလူမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပ

ကန့်ဘလူ ဇူလိုင် ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ဝန်ထမ်းများ မိမိတို့လိုက်နာကျင့်သုံးရမည့် စည်းမျဉ်းစည်းကမ်း၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများကို သိရှိလိုက်နာနိုင်စေရန် ရည်ရွယ်၍ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများစာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်း​က လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းများကို သိရှိနားလည်ပြီး ရည်မှန်းချက်တာဝန်များကို အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို သိရှိပြီး လိုက်နာကျင့်ကြံဆောင်ရွက်ရမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသောဝန်ထမ်းများက နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများစာအုပ်မှ အခန်း(၁၃)ခွင့်ကာလ၊ ကူးပြောင်းချိန်ကာလနှင့် ရုံးပိတ်ရက်များ ဆက်စပ်ခံစားခွင့်ပြုခြင်း စသည့် ခေါင်းစဉ်ပါအကြောင်းအရာများအလိုက် တစ်ဦးချင်းဖတ်ကြားပြီး အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာဖတ်ဝိုင်းများအပြင် သက်ဆိုင်ရာဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ပြင်ပပညာရှင်များဖိတ်ကြား၍ အသိပညာပေးလုပ်ငန်းများ၊ ဆွေးနွေးပွဲ (Talk Show) များကို လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အောင်ဝင်းငြိမ်း (ကန့်ဘလူ)