ဘက်ရဲမြို့၊ တိုက်နယ်ပြည်သူ့ဆေးရုံရှေ့ ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများ တူးဖော်နေမှုအား  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု

ကြံခင်း ဇူလိုင် ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ ဘက်ရဲမြို့၊ အမှတ်(၁)ရပ်ကွက် ဆေးရုံလမ်းရေးစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများတူးဖော်နေမှုအား ဇူလိုင်လ(၂၅)ရက်နေ့မွန်းလွဲပိုင်းက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာရေးအဖွဲ့မှဦးဆောင်၍ ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများဝိုင်းဝန်း၍ မြို့အင်္ဂါရပ်နှင့်အညီ သာယာလှပစေရေး၊ ရေစီးရေလာကောင်းမွန်စေရေးနှင့် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု လျော့နည်းစေရေးအတွက် ရေမြောင်းရှင်းလင်းဆယ်ယူခြင်း ဆောင်ရွက်နေမှုများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ ခစဖအဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ဇော်ဟိန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ မစဖအဖွဲ့ဝင်(၁) ဗိုလ်မှူး သောင်းထွဋ်လွင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဌေးမြင့်အောင်နှင့် တာဝန်ရှိသူများကကြည့်ရှုကာ လိုအပ်သည်များကို ဘက်ရဲမြို့အုပ်ချုပ်ရေးမှူးအား လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဖားတစ်ရှဉ်းချောင်းအတွင်း ချောင်းရေမြင့်တက်လာမှုနှင့် သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ကြိုတင်ကယ်ဆယ်ရေးအတွက် အသင့်စုဖွဲ့ဆောင်ရွက်ထားရှိအားလည်းကောင်း၊ အုပ်ပုံစုပေါင်းစစ်ဆေးရေးဂိတ်နှင့် ကြပ်ပြိုစစ်ဆေးရေးဂိတ်တို့တွင် အဝေးပြေးမော်တော်ယာဉ်လိုင်များ စစ်ဆေးဆောင်ရွက်နေမှု၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)