ကြံခင်း ဇူလိုင် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ မြတ်ဒါနစေတနာဆေးခန်းရှိ အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်ပိုင်းက မကူးစက်နိုင်သောရောဂါများ ကာကွယ်နှိမ်နင်းရေးအတွက် လူထုအခြေပြုလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန်စီမံချက်ဖြင့် ကျန်းမာရေးလူငယ်စေတနာ့ ဝန်ထမ်းများအား အခြေခံသင်တန်းဖွင့်လှစ် ပေးခဲ့သည်။
အခမ်းအနားကို မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာလှထွန်းဇော်က အဖွင့်အမှာစကားပြေကြားရာတွင် မကူးစက်နိုင်သောရောဂါများအား ကာကွယ်ခြင်းနှင့် ထိန်းချုပ်ခြင်းလုပ်ငန်းများအတွက် ကျန်းမာရေး လူငယ်စေတနာ့ဝန်ထမ်းများ အသုံးပြု၍ ပြည်သူလူထု အခြေပြု ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် လူနာရှာဖွေပေးခြင်း၊ ဆေးကုသမှုခံယူနိုင်ရန် ညွှန်းပို့ခြင်း၊ အချိန်မီကုသမှုခံယူနိုင်ရန် စီစဉ်ပေးခြင်းလုပ်ငန်းများအား ကျွမ်းကျင်မှုရှိစေရန်အတွက် ကြံခင်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းတို့ပူးပေါင်း၍ စေတနာ့ဝန်ထမ်းများအား သင်တန်းပေးခြင်းဖြစ်တဲ့အတွက် သင်တန်းသူများက သေချာစွာ လေ့လာသင်ယူကြစေလိုကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းမှ ဒေါ်စုစုနိုင်က မကူးစက်နိုင်သောရောဂါများ ကာကွယ်ထိန်းချုပ်ရေးနှင့် ကာကွယ်ခြင်းအတွက် လူထုအခြေပြုလုပ်ငန်း အရှိန်အဟုန်မြှင့် စီမံချက်အကျဉ်းချုပ်နှင့် သင်တန်းဖွင့်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းအား ဆက်လက်ပို့ချပေးခဲ့ရာ ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းမှ ဒေါက်တာ ဝေဝေလွင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူးအဆင့်(၁) ဦးကျော်ကျော်ဆန်းနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာဘာသာရပ်များအလိုက် စာတွေ့လက်တွေ့ သင်ကြားပြသပေးခဲ့ကြရာ သင်တန်းသူ ၂၀ ဦးတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)