ဝေါ ဇူလိုင် ၂၇
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်အမြဲတမ်းစစ်ဆေးရေးစခန်း၌ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်သည် ဇူလိုင်လ၂၅ ရက်နေ့ မွန်းလွဲ ၄ နာရီက မြဝတီ-ရန်ကုန် ကုန်သွယ်မှုလမ်းကြောင်း၌ တရားမဝင်ကုန်သွယ်မှုများ ထိရောက်စွာ တားဆီးထိန်းချုပ်နိုင်ရန်အတွက် ညောင်ခါးရှည် အမြဲတမ်းစစ်ဆေးရေးစခန်းမှ တရားမဝင်ကုန်ပစ္စည်းများ သိမ်းဆည်းရမိထားသည့် ကုန်ပစ္စည်းများအား ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်က စခန်းတာဝန်ခံ၊ အဖွဲ့ခေါင်းဆောင်နှင့် တွေ့ဆုံအမှာစကားပြောကြားပြီး တရားမဝင်ကုန်သွယ်မှုများသည် နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အဟန့်အတားဖြစ်စေပြီး နိုင်ငံတော်အတွက် ရသင့်ရထိုက်သော အခွန်ဘဏ္ဍာငွေများ ဆုံးရှုံးမှုမဖြစ်ပေါ်စေရေးအတွက် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့များနှင့် OSS ဌာနဆိုင်ရာများအနေဖြင့် တရားမဝင်ကုန်သွယ်မှု တားဆီး၊ ဖမ်းဆီးမှုများကို ထိရောက်စွာ ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ တာဝန်ကျဝန်ထမ်းများအနေဖြင့် မိမိတို့ဌာနအလိုက် လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ နိုင်ငံတော်၏ ရည်မှန်းချက်ဖြစ်သည့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများကိုလည်း အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် မှတ်ယူ၍ စည်းလုံးညီညွတ်စွာဖြင့် ပူးပေါင်းဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။
၎င်းနောက် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်၊ အကောက်ခွန်ဦးစီးဌာန၊ တိုင်းဒေသကြီး ဒုတိယညွှန်ကြားရေးမှူး ဦးသန်းထိုက်စိုးနှင့် တာဝန်ရှိသူများသည် ကုန်ပစ္စည်းစစ်ဆေးနေမှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
မြို့နယ် (ပြန်/ဆက်)