ဂန့်ဂေါမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်း (Clean & Green School) အဖြစ် စိစစ်ရွေးချယ်နိုင်ရေး တာဝန်ရှိသူများကွင်းဆင်းစစ်ဆေး

ဂန့်ဂေါ ဇူလိုင် ၂၆

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် သန့်ရှင်းသပ်ရပ်၍ စိမ်းလန်းစိုပြည်သောကျောင်း(Clean & Green School) အဖြစ် စိစစ်ရွေးချယ်နိုင်ရေးအတွက် ခရိုင်/မြို့နယ် ပညာရေးမှူးရုံးမှတာဝန်ရှိသူများနှင့် စိစစ်ရွေးချယ်ရေးကော်မတီအဖွဲ့ဝင်များသည် ဇူလိုင်လ(၂၅)ရက်နံနက် ၈ နာရီအချိန်က ဂန့်ဂေါမြို့ပေါ်ရှိအခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်း(၆) ကျောင်းသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ ကြသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှဦးစီးအရာရှိ ဦးငြိမ်းထွန်းနိုင်နှင့် တာဝန်ရှိသူများက ပါဝင်ယှဉ်ပြိုင်ကြသည့် ကျောင်းများဖြစ်သည့် အ-ထ-က(ဂန့်ဂေါ)၊ အ-ထ-က(မြို့မ)၊အ-လ-က(ခွဲ)(စည်ပင်သာယာ)၊ အ-လ-က(ခွဲ)(ကျောတိုက်)၊ အ-မ-က (မြို့မ တောင်ပိုင်း)နှင့် အ-မ-က(တပ်တွင်း)ကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော် ဆောင်များနှင့်တွေ့ဆုံ၍  အခြေခံသန့်ရှင်းသပ်ရပ်၍ စိမ်းလန်းစိုပြည်သောကျောင်း(Clean & Green School)အဖြစ် စိစစ်ရွေးချယ်ရာတွင် အခြေခံပညာကျောင်းများ၌ အကောင်အထည်ဖော်လုပ်ဆောင်ရမည့် အဆင့်(၇)ဆင့်ဖြစ်သည့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းစိမ်းလန်းစိုပြည်ရေးကော်မတီဖွဲ့စည်းခြင်း၊ ပတ်ဝန်းကျင်ဆိုင်ရာလေ့လာသုံးသပ်ဆန်းစစ်မှု များပြုလုပ်ခြင်း၊ စိမ်းလန်းသန့်ရှင်းသောကျောင်းစီမံခန့်ခွဲမှု အစီအစဉ်များရေးဆွဲခြင်း၊ စောင့်ကြပ်ကြည့်ရှုခြင်း/စစ်ဆေးချက်နှင့် တွေ့ရှိမှုများအား အစီရင်ခံစာတင်ပြခြင်း၊ ကျောင်းသင်ခန်းစာတွင် ပတ်ဝန်းကျင်ပညာရေးကိုထည့်သွင်း၍ သင်ကြားဆွေးနွေးပို့ချခြင်း၊ ကျောင်း/ရပ်ကွက်/မြို့နယ်များနှင့် လူမှုပတ်ဝန်းကျင်သို့အသိပညာများပျံ့နှံ့ ရောက်ရှိစေရန် ဆောင်ရွက်ခြင်း၊ စိမ်းလန်းသန့်ရှင်းသောကျောင်းများ၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များ၊ စီမံခန့်ခွဲမှုဆိုင်ရာ အချက်အလက်များပြုစု၍ အချင်းချင်းမျှဝေခြင်းနှင့် အခြေခံစံနှုန်း(၄) ရပ်နှင့်အညွှန်းကိန်း(၁၇)ချက်တို့တွင် ပါဝင်ရမည့်အချက်များကို ရှင်းလင်းပြောကြား၍ ကွင်းဆင်းစစ်ဆေးကာအမှတ်ပေး ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းကို စိစစ်ရွေးချယ်ရေးကော်မတီဝင်များဖြစ်သည့် ခရိုင်/မြို့နယ် ပညာရေးဌာနမှတာဝန်ရှိသူများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်မြို့နယ်သစ်တောဦးစီးဌာနများမှ တာဝန်ရှိသူများက လှည့်လည်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ကြကာ သန့်ရှင်းသပ်ရပ်၍ စိမ်းလန်းစိုပြည်သောကျောင်း(Clean & Green School)အဖြစ် အခြေခံပညာ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်း(၃)ကျောင်းကို ရွေးချယ်သွားမည်ဖြစ်ပြီး ဆုရရှိသည့် ကျောင်းများကို မြို့နယ်ပညာရေးစုံညီပွဲတော်တွင် ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

မောင်မျိုးမင်း