ဒေးဒရဲ ဇူလိုင် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ တောင်သူများ စပါးမျိုးကောင်းမျိုးသန့်များ စိုက်ပျိုးထုတ်လုပ်နိုင်ရေးရည်ရွယ်၍ စမ်းသပ်စိုက်ပျိုးထားသည့် ဒေသမျိုးရင်း ပေါ်ဆန်း (၁၁)မျိုး ယှဥ်ပြိုင်စမ်းသပ်ကွက်အား ယနေ့နံနက် (၉) နာရီက ဖျာပုံခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဇော်လွင်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဝင်များ၊ ဒေသခံတောင်သူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ပြီး စျေးကွက်ဝယ်လိုအားရှိပြီး ဆန် အရည်အသွေးနှင့် အထွက်နှုန်းကောင်းမွန်သည့် ဒေသမျိုးရင်းဖြစ်သည့် ပေါ်ဆန်းစပါး မျိုးစေ့ထုတ်ဧကများ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးထုတ်လုပ်၍ ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားခဲ့သည်။
ထို့နောက် မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ဧကများတွင် ပန်းတိုင်အထွက်နှုန်း ပိုမိုတိုးတက်စေရေး၊ ရေမြေဒေသနှင့်ကိုက်ညီသည့် မျိုးစပါးများကို တောင်သူများ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် ၂၀၂၅- ၂၀၂၆ ခုနှစ် မိုးစပါးရာသီ အထွက်နှုန်း အမြင့်မားဆုံးရရှိနိုင်မည့် အောင်နိုင်တိုး မျိုးစပါး စံပြကွက် စိုက်ပျိုး သရုပ်ပြပွဲအခမ်းအနားကို ချောင်းဖျားကျေးရွာအုပ်စုရှိ ကွင်းအမှတ် (၂၄၈)၊ ဦးပိုင်အမှတ် (၁၅/၁)ရှိ တောင်သူဦးကျော်မင်း၏ မိုးစပါးစိုက်ပျိုးလယ်မြေတွင် ဆက်လက်ကျင်းပ ခဲ့ရာ အမှတ် (၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းရှိ စိုက်ပျိုးရေး အထူးပြု ကျောင်းသား၊ ကျောင်းသူများက ကွင်းလက်တွေ့သရုပ်ပြစိုက်ပျိုးနေမှုအား ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
အေဇာလင်း