ကျွန်းလှမြို့နယ်၌ ကျန်းမာရေး အသိပညာပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ကွင်းဆင်းဆောင်ရွက်

ကျွန်းလှ ဇူလိုင် ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် လယ်လှကျေးရွာတွင် ကျေးလက်နေ ပြည်သူများအား ကျန်းမာရေး အသိပညာပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကွင်းဆင်းဆောင်ရွက်ပေးကြောင်း သိရသည်။

ဦးစွာ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ဦးစီးမှူးဒေါက်တာ မြတ်မိုးဆန်းက ကျန်းမာရေးဆိုင်ရာများနှင့်ပတ်သက်သည့်အကြောင်းအရာများအား ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်ဆရာဝန်ကြီး ဦးဆောင်သော ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက လယ်လှကျေးရွာ၊ ကန်ပေါက်ကျေးရွာတို့မှ ဒေသခံပြည်သူများအား၊ သွေးပေါင်ချိန်ခြင်း၊ သွေးချို၊ ဆီးချို စစ်ပေးခြင်း၊ ဖျားနာသူများအား ဆေးကုသပေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုပေးနေခြင်းကို မြို့နယ်စီးမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များက ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ