ဘိုကလေး ဇူလိုင် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မြို့တော်ခန်းမတွင် ယနေ့နံနက် (၁၀) နာရီအချိန်၌ ကိုယ်ဝန်ဆောင်မိခင်များ၊ မွေးပြီးမိခင်များ၊ (၅)နှစ်အောက် ကလေးများ ကျန်းမာရေးမြှင့်တင်ပေးမှုနှင့် ကျား၊ မ အခြေပြုသင်တန်းဖွင့်ပွဲ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲသို့ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်အသင်း ဥက္ကဋ္ဌ၊ ပါမောက္ခဒေါက်တာ စန်းစန်းမြင့်အောင် အတွင်းရေးမှူး ဒေါက်တာ နွယ်နီအုန်း၊ ဖျာပုံခရိုင် မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ဒေါ်သီတာကြိုင် ဘိုကလေးမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ၊ ဒေါ်ခိုင်သီတာမြင့်နှင့် သင်တန်းတက်ရောက်ကြမည့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ စုစုပေါင်းအင်အား(၃၀)ကျော် တက်ရောက်ကြပြီး သင်တန်းဖွင့်ပွဲတွင် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်အသင်း ဥက္ကဋ္ဌ၊ ပါမောက္ခဒေါက်တာ စန်းစန်းမြင့်အောင်က အမှာစကားပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်အသင်း ဥက္ကဋ္ဌနှင့် အဖွဲ့က ဘိုကလေးမြို့နယ် ဟေမာန်ကျေးရွာအုပ်စု၊ စိန်ပန်းကျေးရွာ သားဖွားခန်းအတွက် အလှူငွေ (၂,၀၁၈,၅၀၀) ကျပ်အား ပေးအပ်လှူဒါန်းရာ ဘိုကလေးမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ၊ ဒေါ်ခိုင်သီတာမြင့်နှင့် အဖွဲ့က လက်ခံရယူခဲ့သည်။
ယခုဖွင့်လှစ်သည့် သင်တန်းသည် ပြည်သူလူထုအခြေပြု စေတနာ့ဝန်ထမ်းများအတွက် မိခင်၊ မွေးကင်းစကလေးနှင့် (၅)နှစ်အောက် ကလေးများအား ပြုစုစောင့်ရှောက်မှုပေးခြင်း၊ လူထုစည်းရုံး လှုံ့ဆော်ခြင်းနှင့် ပံ့ပိုးဆောင်ရွက်ပေးခြင်းဆိုင်ရာ နည်းလမ်းများအား မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်အသင်း၊ ဥက္ကဋ္ဌ၊ ပါမောက္ခဒေါက်တာ စန်းစန်းမြင့်အောင်နှင့် အတွင်းရေးမှူး ဒေါက်တာ နွယ်နီအုန်းတို့က ပို့ချမျှဝေသင်ကြား ပေးသွားမည်ဖြစ်ပြီး သင်တန်းသို့ စေတနာ့ဝန်ထမ်းဖြစ်ဆောင်ရွက်ကြမည့် ဘိုကလေးမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင် (၂၀) ဦး တက်ရောက်ကြကြောင်းနှင့် သင်တန်းကာလမှာ (၂) ရက်တာ ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)