ကန့်ဘလူမြို့၌ အခြေခံစာကြည့်တိုက်ပညာသင်တန်း (၂/၂၀၂၅) ဆင်းပွဲ အခမ်းအနားကျင်းပ

ကန့်ဘလူ ဇူလိုင် ၂၆

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်ခဲ့သည် အခြေခံစာကြည့်တိုက်ပညာသင်တန်း (၂/၂၀၂၅) ဆင်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က အခြေခံစာကြည့်တိုက် ပညာသင်တန်းတက်ရောက်ခဲ့ကြသည့် သင်တန်းသားများသည် စာကြည့်တိုက်၏ အဓိကအခန်းကဏ္ဍကနေ ဆောင်ရွက်ရမည့်သူများ ဖြစ်ကြောင်း၊ သင်တန်းက သင်ကြားပို့ချခဲ့သည်များကို မိမိတို့စာကြည့်တိုက်မှာ လက်တွေ့အသုံးချဖို့လိုကြောင်း၊ စာကြည့်တိုက်သင်တန်းကရရှိသည့် စာကြည့်တိုက်ပညာတွေကို ပြည်သူ့ဝန်ဆောင်မှုကဏ္ဍတွေမှာ အကျိုးရှိစွာ အသုံးပြုကြရန်၊ ကျောင်းသားကျောင်းသူများနှင့် ပြည်သူတွေ စာပေဖတ်ရှုလေ့လာနိုင်ရန်အတွက် စည်းရုံးဆောင်ရွက်ပေးကြရန်နှင့် စာကြည့်တိုက်တွေ ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ပေးကြရန် ဆွေးနွေးမှာကြားခဲ့သည်။

ထို့နောက် တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များပေးအပ်ရာ သင်တန်းသားများ ကိုယ်စားသင်တန်းသူ တစ်ဦးနှင့်သင်တန်းသား တစ်ဦးတို့က လက်ခံရယူကြပြီး သင်တန်းနည်းပြများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။

အဆိုပါ အခြေခံစာကြည့်တိုက် ပညာသင်တန်းကို ဇူလိုင် ၂၁ ရက်မှ ၂၅ ရက်ထိ စာကြည့်တိုက်မိတ်ဆက်၊ စာစု/စာပြုလုပ်ငန်း၊ မျိုးတူစုလုပ်ငန်း၊ မှတ်သားမှုစနစ်၊ ထားသိုမှု/ထိန်းသိမ်းမှုစနစ်၊ ကတ်တလောက်လုပ်ငန်း၊ စာငှားလုပ်ငန်း စသည့် ဘာသာရပ်များကို စာတွေ့လက်တွေ့ သင်ကြားပို့ချခဲ့ကြောင်းနှင့် သင်တန်းသို့ သင်တန်းသား ၂၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)