ပခုက္ကူ ဇူလိုင် ၂၆
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးရေးဦးစီးဌာန၊ ပခုက္ကူမြို့၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ယနေ့နံနက် ၉ နာရီအချိန်က လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန(ပခုက္ကူခရိုင်ရုံး)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆန်းလင်းက အဖွင့်အမှာစကားပြောကြားပြီး ပခုက္ကူခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်မိုးမိုးမြင့်က အားကစားနည်းမျိုးမျိုး၊ အားကစားနည်းများအလိုက် ကျန်းမာရေးအပေါ် အကျိုးသက်ရောက်မှုများ၊ မြို့နယ်၊ခရိုင်၊တိုင်းနှင့်နိုင်ငံတော်အဆင့် အားကစားပြိုင်ပွဲကျင်းပနေမှုများ၊ လူငယ်များ အားကစားနည်းပညာကို ချစ်မြတ်နိုးစွာလေ့ကျင့်ခြင်း၊ ပါဝင်ယှဉ်ပြိုင်ခြင်းတို့ဖြင့် ရရှိ နိုင်သည့်အကျိုးကျေးဇူးများ၊ မြန်မာ့အားကစားလောကဖွံ့ဖြိုးတိုးတက်ရေး မျိုးဆက်သစ်လူငယ်များ၏ အရေးပါမှုများအကြောင်းတို့ကို အသိပညာပေးရှင်းလင်းဟောပြောသည်။
အဆိုပါ ဟောပြောပွဲတွင် ပခုက္ကူမြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးစန်းအောင်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မိုးမြင့်နှင့်ဆရာမများ၊ အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၁၀) သင်တန်းသူများတက်ရောက်ကြပြီး ကိုယ်လက်လှုပ်ရှား အားကစားနည်းများ၊ Myanmar Fitness Dance အကများ လေ့ကျင့်ခြင်း၊ ကျောင်းသား၊ ကျောင်းသူများအတွက် ဘောလုံး၊ ခြင်းလုံး၊ ပိုကျော်ခြင်းနှင့် ဆက်စပ်အားကစား ပစ္စည်းပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)