ကျွန်းစုမြို့နှင့် မြိတ်မြို့သို့ ပြေးဆွဲနေသော ခရီးသည်တင် အမြန်ရေယာဉ်များ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲ

ကျွန်းစု ဇူလိုင် ၂

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကျွန်းစုမြို့နှင့် မြိတ်မြို့သို့ ပြေးဆွဲနေသော အမြန်ရေယာဉ်များနှင့် ကုန်တင်စက်လှေများသည် ဇူလိုင်လ ၂၃ ရက်နေ့ မှစ၍ ရာသီဥတုအခြေအနေကြောင့် ခေတ္တရပ်နားထားရှိရာ ယနေ့ နံနက်ပိုင်းတွင် အမြန်‌ရေယာဉ်များ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း  သိရသည်။

တနင်္သာရီတိုင်းဒေသကြီး မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက တစ်နာရီလျှင် လေတိုက်နှုန်း ၃၅ မိုင် မှ  ၄၀ မိုင်နှင့် ပင်လယ်ပြင်အခြေအနေမှာ လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်ဖြစ်သဖြင့် မြိတ်-ကျွန်းစု-မြိတ်ခရီးစဉ် ပြေးဆွဲနေသော အမြန်ရေယာဉ် များမှလွှဲ၍ သစ်သားခွံကုန်တင်စက်လှေများ၊ အပျော်စီးရေယာဉ်များနှင့် ကျန်ကမ်းရိုးတန်းသွား ခရီးသည်တင် အမြန်ရေယာဉ်များအားလုံး ထွက်ခွာခွင့် လုံးဝ(လုံးဝ) မပြုကြောင်း၊ ရေယာဉ်ထွက်ခွာခဲ့ပါက ဖြစ်ပေါ်လာနိုင်မည့် နောက်ဆက်တွဲ ပြဿနာများအတွက် ရေယာဉ်ပိုင်ရှင်၏ တာဝန်သာဖြစ်ကြောင်း၊ မြိတ် - ကျွန်းစု - မြိတ်ခရီးစဉ်ပြေးဆွဲမည့် ခရီးသည်တင် အမြန်ရေယာဉ်များအနေဖြင့် ပင်လယ်ပြင်တွင် လှိုင်းကြီးမည်ဖြစ်ပါ၍ ခရီးသည်အားလုံးကို ရေယာဉ်အတွင်း၌သာ စီးနင်းကြရန်တို့ကို ဇူလိုင်လ ၂ ရက်နေ့ က ထုတ်ပြန်ထားကြောင်း သိရသည်။

ကျွန်းစုမြို့တွင် နေ့စဉ်အမြန်ရေယာဉ် အတက်၊ အဆင်း ၂ ခေါက်နှင့် သစ်သားခွံ ကုန်တင်စက် လှေအတက်၊ အဆင်း ၁ ခေါက် ပြေးဆွဲလျက်ရှိရာ ယခုအချိန်တွင် ရာသီဥတုအခြေအနေကြောင့် ခေတ္တရပ်နားထားရှိသော အမြန်ရေယာဉ်များသည် တိုင်းဒေသကြီး မိုး/ဇလမှ ရာသီဥတု ကောင်းမွန်၍ ရေယာဉ်များ ထွက်ခွာခွင့် ရရှိကာ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။

ထက်မြင့် (ကျွန်းစု)