ပုသိမ် ဇူလိုင် ၂၆
၂ဝ၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင်ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ ပုသိမ်တက္ကသိုလ်ပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ကမ္ဘာ့အပူပိုင်း ကမ်းရိုးတန်းဒေသများတွင် ရှင်သန်ပေါက်ရောက်လျက်ရှိသည့် ဒီရေတောဂေဟစနစ်များ၏အရေးပါမှုကို ကျယ်ကျယ်ပြန့်ပြန့်သိရှိနားလည်ပြီး ဒီရေတောများထိန်းသိမ်းရေးနှင့် ပြန်လည်တည်ထောင်စိုက်ပျိုးရေးတွင် ကမ္ဘာသူ၊ ကမ္ဘာသားများက အသိအမြင်နိုးကြားစွာဖြင့် ပိုမိုပူးပေါင်းပါဝင်လာစေရေးအတွက် ၂၀၁၅ ခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့(United Nations Education, Science and Culture Organization-UNESCO)က “အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့(International Day for the Conservation of the Mangeove Ecosystem)"ကို နှစ်စဉ် ဇူလိုင်လ (၂၆) ရက်နေ့တွင် ကျင်းပရန်သတ်မှတ်ခဲ့ပါကြောင်း၊ ကမ္ဘာ့ဒီရေတောများပျက်စီးမှုနှင့်အတူဆက်စပ်နေသည့် ဇီဝမျိုးစုံမျိုးကွဲများ၊ ငါး၊ ပုစွန်၊ ဂဏန်းများနှင့် ၎င်းတို့၏ နေရင်းဒေသများပြုန်းတီးလာမှုများကို စနစ်တကျထိန်းသိမ်းတည်ထောင်ရန်လိုအပ်ကြောင်း ပြည်သူလူထုက ပိုမိုနိုးကြားသိမြင်လာစေရန်အတွက် အပြည်ပြည်ဆိုင်ရာဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့ကို “ဒီရေတောများ သားစဉ်မြေးဆက် ထိန်းသိမ်းအသုံးပြုနိုင်ရေး ပြည်သူလူထုအသိပညာမြှင့်တင်ပေး”ဟူသော ဆောင်ပုဒ်ဖြင့် နှစ်စဉ်ကျင်းပခဲ့ခြင်းဖြစ်ပါကြောင်း၊ အဏ္ဏဝါသယံဇာတနှင့် မျိုးစိတ်များကိုထိန်းသိမ်းရန်အတွက် ဒီရေတောများသည် ကုန်းမြေနှင့်ပင်လယ်ကြားတွင် ဆက်စပ်ပေးသည့် ဂေဟစနစ်လည်းဖြစ်ပါကြောင်း၊ သစ်တောမျိုးစုံ ဂေဟစနစ်မျိုးစုံတွေ့ရှိရခြင်းကြောင့် ၎င်းတို့မှပံ့ပိုးပေးနေသည့် ဂေဟစနစ်နှင့် ပတ်ဝန်းကျင်ဆိုင်ရာဝန်ဆောင်မှုအမျိုးမျိုးကိုလည်း ရရှိခံစားရပါကြောင်း၊ ထို့ကြောင့် သစ်တောသယံဇာတဂေဟစနစ်များနှင့်အတူ ကမ်းရိုးတန်းဂေဟစနစ်များကို စနစ်တကျထိန်းသိမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ ဧရာဝတီတိုင်းဒေသကြီးအတွင်း ဒီရေတောစိုက်ခင်း (၉၄၀၀)ဧက၊ ဒီရေတောကျေးရွာထင်းစိုက်ခင်း (၂၆၁၆)ဧကတို့ကို တည်ထောင်စိုက်ပျိုးခဲ့ပါကြောင်း၊ ယခုနှစ်မိုးရာသီတွင်လည်း ဒီရေတောစိုက်ခင်း (၁၄၀၀)ဧကနှင့် ဒီရေတောကျေးရွာထင်းစိုက်ခင်း (၇၅၀)ဧကတို့ကို စိုက်ပျိုးတည်ထောင်ထားရှိပြီးဖြစ်ပါကြောင်း၊ ဒီရေတောများနှင့် သစ်တောများသည် လူသားတို့အတွက် လိုအပ်သော အစားအစာ၊ ဆေးဝါး၊ သစ်၊ တိုင်၊ မျော၊ ထင်းလောင်စာ စသည့် အခြေခံလိုအပ်ချက်တို့ကို ပုံမှန်ထုတ်ပေးရုံသာမက သက်ရှိလောကကြီးတစ်ခုလုံး၏ ရှင်သန်မှုအတွက် မရှိမဖြစ်လိုအပ်သော အောက်ဆီဂျင်ကို အမြဲမပြတ်ထုတ်ပေးနေခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ဒီရေတောများထိန်းသိမ်းခြင်း၊ စိုက်ပျိုးတည်ထောင်ခြင်းကို အကောင်အထည်ဖော်နေသကဲ့သို့ တစ်ဖက်တွင်လည်း လူသားတို့၏ လူမှုအကျိုးစီးပွားဆိုင်ရာ လုပ်ဆောင်ချက်များကြောင့် ဒီရေတောပြုန်းတီးမှုများမဖြစ်ပေါ်စေရေး အားလုံးက နည်းမျိုးစုံဖြင့် ထိန်းသိမ်းကာကွယ်ကြရန် လိုအပ်လာသည့်အတွက် ဒီရေတောများ စိုက်ပျိုးခြင်း၊ ဒီရေတောထိန်းသိမ်းခြင်းလုပ်ငန်းများကို တတ်အားသရွေ့အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်လိုပါကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ၂ဝ၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အသိပညာပေး ဗီဒီယိုပြသမှုအား ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ မြောင်းမြခရိုင်၊ သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးက ကမ္ဘာ့ဒီရေတောများအခြေအနေ၊ ဒီရေတောနှင့် ကမ်းရိုးတန်းဂေဟစနစ်များ၊ ဒီရေတောများမှပံ့ပိုးပေးသော ဂေဟစနစ်ဝန်ဆောင်မှုများ၊ ဒီရေတောနှင့် ကမ်းရိုးတန်းသယံဇာတများစီမံအုပ်ချုပ်ခြင်း၊ ဒီရေတောထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်ခြင်းများနှင့် ဒီရေတောဧရိယာများ တိုးတက်မှုရလာဒ်များကိုလည်းကောင်း၊ ပုသိမ်တက္ကသိုလ် အဏ္ဏဝါသိပ္ပံဌာန၊ အချိန်ပိုင်းပါမောက္ခ ဒေါက်တာဌေးအောင်က Mangrove Ecosystem and Coastal BlueCarbon အကြောင်းကိုလည်းကောင်း ရှင်းလင်းပြောကြားပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)