တိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပိုက်ကျော်ခြင်းအသင်းအား အောင်နိုင်ရေး အလံပေးအပ်ပွဲ အခမ်းအနားတက်ရောက်

ပုသိမ်  ဇူလိုင် ၂၆

၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ပိုက်ကျော်ခြင်းအသင်းအား အောင်နိုင်ရေး အလံပေးအပ်ပွဲ အခမ်းအနားကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ယမန်နေ့နံနက်ပိုင်းက  ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ အသင်းအုပ်ချုပ်သူနှင့်နည်းပြများ၊ အားကစားသမားများတက်ရောက်ခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးနှင့်ပြည်နယ်အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီ တိုင်းဒေသကြီးပိုက်ကျော်ခြင်းအသင်းမှ  အုပ်ချုပ်၊ နည်းပြ၊ အားကစားသမားများက တစ်ဦးချင်း မိတ်ဆက်ခဲ့ကာ အသင်းအုပ်ချုပ်သူက ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အစီအစဉ်များ အားရှင်းလင်း တင်ပြခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် အိမ်ရှင်အဖြစ်လက်ခံ ကျင်းပသွားမည် ဖြစ်ပါကြောင်း၊ ပိုက်ကျော်ခြင်းအားကစားသည် တိုင်းဒေသကြီးအနေဖြင့် အောင်မြင်မှုများရရှိခဲ့သည့် အားကစားနည်းတစ်ခုဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးကိုယ်စားပြု ပိုက်ကျော်ခြင်းအသင်းအား မြို့နယ်ပေါင်းစုံ ပြိုင်ပွဲများကျင်းပပြုလုပ်၍ လူရွေးချယ်ပြီး ကြိုတင် ပြင်ဆင်မှုကောင်းကောင်းဖြင့် အချိန်ယူစခန်းသွင်းလေ့ကျင့်ထားသည့် အသင်းဖြစ်ပါကြောင်း၊ အားကစားသမားများအနေဖြင့် ပြိုင်ပွဲယှဉ်ပြိုင်ရာတွင် အားသွန်ခွန်စိုက် ကြိုးစားယှဉ်ပြိုင်ကြရန်နှင့် မျှော်မှန်းထားသည့် ဆုတံဆိပ်များရရှိအောင်ကြိုးစားယှဉ်ပြိုင်၍ အောင်မြင်မှုများရရှိပါစေကြောင်း” အမှာစကားပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီးပိုက်ကျော်ခြင်း အသင်းအား အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)