မင်းဘူး ဇူလိုင် ၂၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် အခြေခံပညာအလယ်တန်းကျောင်း (ဖလံရုံ)၌ ခရိုင်/မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ပူပေါင်းကာ ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ ခရိုင်မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်မာမာဌေးက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးမှူး အဆင့် (၁) ဆရာ ဦးလှိုင်မျိုးကျော်က သားအိမ်ခေါင်းကင်စာ ရောဂါအကြောင်းကိုလည်းကောင်း၊ ရေကြည်၊ ရေသန့်၊ ဘုရားအိုး၊ ညောင်ရေအိုး များမှ ပေါက်ပွားသည့် ခြင်ကိုက်ခံရ၍ သွေးလွန်တုပ်ကွေးဖြစ်ပေါ်လာပုံနှင့် ကြိုတင်ကာကွယ်ပုံများကို လည်းကောင်း၊ ဆရာ ဦးနိုင်ချိုက အနာကြီးရောဂါအကြောင်း သိကောင်းစရာများကို ဟောပြောကာ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားစေသည့် ပိုးလောက်လန်းနှင့် ခြင်များ မပေါက်ပွားစေရန် စာသင်ကျောင်းအတွင်းရှိ ဘုရားပန်းအိုး၊ ညောင်ရေအိုးများကို အသစ်လဲလှယ်ကာ ရေအိုး၊ ရေတိုင်ကီ၊ ရေကန်များကို အဘိတ်ဆေးခတ်ပေးကာ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာ လက်ကမ်းစာစောင်များကို ကျောင်းသား၊ ကျောင်းသူလေးများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဇေယျာနိုင်(ရွှေကန်မြေ)