ကျုံပျော်မြို့၌ မြန်မာနိုင်ငံခရစ်ယာန်ဂိုဏ်းပေါင်းစုံ ငြိမ်းချမ်းရေးအထောက်အကူပြုဗဟိုကော်မတီ၏ သာသနာ/အသင်းတော်ခေါင်းဆောင်များ တွေ့ဆုံခြင်းနှင့် ငြိမ်းချမ်းရေးဆုတောင်းပွဲ ကျင်းပ

ကျုံပျော် ဇူလိုင် ၂၆

မြန်မာနိုင်ငံခရစ်ယာန်ဂိုဏ်းပေါင်းစုံ ငြိမ်းချမ်းရေးအထောက်အကူပြုဗဟိုကော်မတီ၏ သာသနာ/အသင်းတော်ခေါင်းဆောင်များတွေ့ဆုံခြင်းနှင့် ငြိမ်းချမ်းရေးဆုတောင်းခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့ မြို့မပိုးကရင်ခရစ်ယာန်နှစ်ခြင်းဘုရားရှိခိုးကျောင်း၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဗဟိုအကြံပေးအဖွဲ့၊ အဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်နှင့် အဖွဲ့ဝင်များ၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်နှင့် ခရစ်ယာန်အသင်းတော်များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ဆရာဦးမောင်မောင်ဝင်း (အထွေထွေအတွင်းရေးမှူး၊ မြန်မာဝိုင်အမ်စီအေ)က အဖွင့်ဆုတောင်းစကားပြောကြားပြီး "အိုသာယာသောမြန်မာပြည်" ဓမ္မသီချင်းအား စုပေါင်းသီဆိုကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဗဟိုအကြံပေးအဖွဲ့၊ အဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်က  တိုင်းရင်းသားညီအစ်ကိုမောင်နှမအချင်းချင်း စည်းစည်းလုံးလုံး ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်သွားကြစေလိုကြောင်း ဩဝါဒအမှာစကားပြောကြားကာ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်း​ခယ်က အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ဂုဏ်တော်ချီးမွမ်းခြင်းကို ဆောင်ရွက်ကြပြီး မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီဥက္ကဋ္ဌ သာသနာပိုင်ချုပ်ကြီး စတီဗင်သန်းမြင့်ဦးက တရားဒေသနာမျာဟောကြားကာ Bishop ဦးမြတ်ဆန်းက ငြိမ်းချမ်းရေးအတွက် အထူးဆုတောင်းခြင်းကို ဆောင်ရွက်ခဲ့သည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဗဟိုအကြံပေးအဖွဲ့ဝင် Dr မောင်မောင်နိုင်နှင့် Dr စောအိုင်ဗင်တို့က အားပေးစကားပြောကြားကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဗဟိုအကြံပေးအဖွဲ့၊ အဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ ကျေးဇူးတင်စကားပြောကြားခြင်း၊ ငြိမ်းချမ်းရေးအတွက် အဖဘုရားသခင်ကိုယ်တော်မြတ်ထံ ဖယောင်းတိုင်မီးထွန်းညှိပူဇော်၍ အထူးဆုတောင်းခြင်း၊ ကောင်းချီးပေးခြင်းနှင့် တက်ရောက်လာသူများက "မှုတော်ဆောင်ရွက်ကျူး"ဓမ္မသီချင်းသီဆို၍ ကျေးဇူးတော် ချီးမွမ်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)