ဟိုင်းကြီးကျွန်းမြို့၌ အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့အကြို ဒီရေတောသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ဟိုင်းကြီးကျွန်း ဇူလိုင် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် အပြည်ပြည်ဆိုင်ရာဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့အကြို ဒီရေတောသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့ညနေ ၄ နာရီအချိန်က အမှတ်(၁)ရပ်ကွက်တစ်ဖက်ကမ်းရှိ သောင်ပြင်၌ သစ်တောဦးစီးဌာနနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများစုပေါင်း၍ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ငပုတောမြို့နယ်၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဝင်းထွန်းနိုင်မှ သစ်တော၊ သစ်ပင်များသည် သဘာဝကိုမျှတစေရန် ဖန်တီးပေးရာတွင် အလွန်အရေးကြီးသည့် အခန်းကဏ္ဍမှပါဝင်နေကြောင်းနှင့် ဂေဟစနစ်ကောင်းမွန်စေရန်အတွက် သစ်တော၊ သစ်ပင်များ အရေးကြီးကြောင်းကို ပြောကြားပြီး စိုက်ပျိုးမည့်သစ်ပင်များ၏ အသုံးဝင်ပုံကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ဟိုင်းကြီးကျွန်းမြို့ သစ်တောဦးစီးဌာန တာဝန်ရှိသူများမှ စိုက်ပျိုးမည့်အပင်များကို တက်ရောက်လာသော မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဒေသခံပြည်သူများထံသို့ ပေးအပ်ခဲ့ပြီး သစ်ပင်များကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဒီရေတောသစ်ပင်စိုက်ပျိုးပွဲသို့ ငပုတောမြို့နယ်၊ သစ်တောဦးစီးဌာနမှာ ဦးစီးအရာရှိ ဦးဝင်းထွန်းနိုင်နှင့် သစ်တောဝန်ထမ်းများ၊ မြို့အဆင့်ဌာနဆိုင်ရာများ၊ NGO အဖွဲ့အစည်းများ၊ ဒေသခံပြည်သူများ စုစုပေါင်း (၁၁၀)ဦး တက်ရောက်ကြပြီး သစ်တောသစ်ပင်များထိန်းသိမ်းခြင်း၊ သစ်တောစိုက်ခင်းများထူထောင်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်၍ ဒေသအပူချိန်လျှော့ချနိုင်စေရန်နှင့် ဂေဟစနစ်ပြုပြင်ထိန်းသိမ်းဆောင်ရွက်နိုင်စေရန်အတွက် ဗြူးခြေထောက်အဖို (၁၅၀)ပင်၊ မဓမ (၁၀၀)ပင်၊ ဗြူးအုပ်ဆောင်း (၁၀၀)ပင်၊ ရေခယား (၁၂၀)ပင်၊ သမဲ့ (၆၁၀)ပင်၊ ကန့်ပလာ (၁၃၀)ပင် စုစုပေါင်း အပင် (၁၂၁၀)ပင်အား စုပေါင်းစိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။

လှိုင်မျိုးအောင် (ဟိုင်းကြီးကျွန်း၊ ပြန်/ဆက်)